ခမ်းသားငေါဝ်း
ဇွန်လ၂၈၊ ၂၀၂၅

 

လိုင်စင်မဲ့ယာဉ်နှင့် တရားမဝင် ကုန်စည် ဖမ်းဆီးခြင်းကြောင့် အသွားအလာနည်းသွား၍ သွားလာ​သေည့်လိုင်စင်ကားများထံ ဂိတ်ကြေး ပိုတောင်းခံမှု ရှိကြောင်း ယာဉ်မောင်းဆရာများထံမှ သိရသည်။

မေလနှင့် ဇွန်လ အစောပိုင်းမှ စ၍ လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးပြီး ကုန်စည်ကူးသန်းသွားလာရေး နည်းပါးလာသလို ရှမ်းရှေ့ မှ ရှမ်းတောင်သို့ ကုန်စည် တင်ဆောင်ခွင့် မပြုထားခြင်း ၊ တရားမဝင် ကုန်စည်ဖမ်းဆီးမှုများ ပိုမိုတင်းကြပ်လာခြင်းတို့ကြောင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေး နည်းပါးသဖြင့် သွားလာသည့်လိုင်စင်ကားများထံ ဂိတ်ကြေး ပိုမို တောင်းခံလာခြင်း ဖြစ်ကြောင်း ယာဉ်မောင်းများက ဆိုသည်။

“အခုက ကားဆွဲတာနည်းတော့ လိုင်စင်ကားတွေကို ဂိတ်ကြေး မတရား တောင်းတာ ၊ မပေးလို့ကလည်း မရဘူး၊ တခါတလေ ပါလာတဲ့ ကုန်ပစ္စည်းတွေ သစ်သီးတွေကို ဖောက်ပြီး ကောက်စား ပစ်လိုက်တာ တွေလည်း ရှိတယ်။ ပိုက်ဆံက သူတို့ တောင်းတဲ့ အတိုင်း ပေးရတယ်။ မပေးမချင်း လုံး၀ ပေးမဖြတ်ဘဲ ပြဿနာ ရှာတာတွေ ရစ်တာတွေ လုပ်ပါတယ်။ ရှမ်းတောင်အဝင်ဂိတ်တွေက ပိုဆိုးပါတယ်။”ဟု ယာဉ်မောင်းဆရာ တစ်ဦးက ဆိုသည်။

ထို့ပြင် လွိုင်လင် – မိုင်းပွန် – ဟိုပုံး – တောင်ကြီး ကားလမ်းသည် အမြဲတမ်း လမ်းပြင် လမ်းပိတ်နေသဖြင့် ပင်လုံ – ကျောက်တန်း လမ်းအတိုင်း သွားသော မော်တော်ယာဉ် ပိုများလာကြောင်း ယာဉ်မောင်းဆရာများက ဆိုသည်။

လက်ရှိ အချိန်တွင် တရားမဝင် ကုန်စည်များ ဖမ်းဆီးခြင်း ၊ လိုင်စင်မဲ့ ယာဉ်များ ဖမ်းဆီးခြင်း နှင့် လောင်စာဆီ စျေးနှုန်းများ မြင့်တက်လာခြင်း တို့ကြောင့် ယာဉ်မောင်းဆရာများ တွက်ခြေကိုက်မှု နည်းပါးလာပြီး ၊ ယာဉ်မောင်း အလုပ်ကို ပိုမို စိတ်ပျက်လာနေကြောင်း ဆိုကြသည်။

#PPV-006
#တောင်ကြီးမြို့
#ကုန်သွယ်ရေး
#ဂိတ်ကြေး

 

You missed