ခမ်းသားငေါဝ်း၊
ဇွန်လ ၂၂ ၊ ၂၀၂၅
https://www.facebook.com/share/p/14GjnNw5mqo/
ရှမ်းပြည်တောင်ပိုင်း၊ပင်းတယ-အောင်ပန်းလမ်းတွင် လိုင်စင်မဲ့ ယာဉ်များဖမ်းဆီးမှုကြောင့် ပင်းတယမြို့တွင် လူသူခြောက်ကပ်လာကြောင်းမြို့ခံထံ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ပထမ ပတ်မှစပြီး စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲနှင့် ရဲများက လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များကို ဆက်တိုက်ဖမ်းဆီးနေပြီး ပင်းတယမြို့ထဲသို့ ဈေးလာသုံးသည့် အနီးအနား ကျေးရွာများရှိ ကားနှင့် ဆိုင်ကယ်များကိုလည်း ဖမ်းဆီးသောကြောင့် ဈေးလာမဝယ်တော့ဘဲ အရေးကြီးသည့် အချိန်မှသာ လိုင်စင်ရှိသည့် ကားကြုံနှင့်သာ မြို့ပေါ်လာလေ့ရှိသည်ဟု သိရသည်။
“မြို့ထဲဆို တော်တော်သိသာတယ်။ခြောက်ကပ်နေတာ။ အနီးနားက ရွာတွေက မြို့ထဲ ဈေးလာသုံးတယ် ပြီးရင် ကုန်တွေကို ရွာတွေမှာ ပြန်ရောင်းကြတာ။ ခုတော့ ဈေးရောင်းရတာလည်း ပါးသွားတယ်။ သွားရေးလာရေးရော အကုန်ခက်ကုန်တာ။အဆင်မပြေဘူး။” ဟု ကုန်စည်ရောင်းဝယ်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
လိုင်စင်ရှိယာဉ်များသည် ဈေးနှစ်ဆကြီးပြီး မဝယ်ယူနိုင်ပဲ ဒေသခံများအတွက် အဆင်ပြေစျေးသင့်တော်သည့်လိုင်စင်မဲ့ယာဉ်များကိုသာဝယ်ယူသုံးစွဲ ကြရကြောင်း ၎င်းက ဆက်ပြောသည်။
ပင်းတယမြို့အတွင်း လဖက်ခြောက် ရောင်းဝယ်နေသူ များလည်း ရွာထဲမှ လာရောက် ရောင်းချသူများ နည်းလာပြီး အောင်ပန်းမြို့ထိ လဖက်ခြောက်သွားရောင်းရန်လည်းအခက်ခဲရှိကြောင်းသိရသည်။
ဒေသခံအမျိုးသားတစ်ဦး က“ကျနော်တို့က ပင်းတယ အနီးနား ရွာတွေက လဖက်တွေဝယ်တယ်။ပြီးရင် အောင်ပန်းသွားရောင်းတာ။လိုင်စင်မဲ့ တွေ ဖမ်းတယ်ဆိုတော့ ရွာထဲကလည်း မြို့ကို မတက်ရဲ ကျနော်တို့လည်း အောင်ပန်းမတက်ရဲ ဆိုတော့ ကျနော်တို့ ဘာမှလုပ်စားလို့ မရတော့ဘူး။ တစ်ခုခု အရေးပေါ် အောင်ပန်းဆေးရုံ သွားရမယ်ဆိုရင်တောင် ကျနော်တို့ သွားစရာယာဥ်မရှိဘူး။” ဟု ပြောသည်။
“ဈေးနေ့တွေဆို လူနည်းလာတယ်။အရင်က လာစားတဲ့သူ များတယ်။အခုက သုံးပုံမှာ တစ်ပုံလောက်ပဲရှိတော့တာ။လိုင်စင်မဲ့ တွေဖမ်းတော့ ရွာကလူတွေ မတက်လာတာ ပါမယ်ထင်တယ်။အောင်ပန်းကို ဈေးသုံးသွားမဲ့ သူတွေလည်း သိပ်မတွေ့ရတော့ဘူး။” ဟု ပင်းတယတွင် ခေါက်ဆွဲဆိုင်ရောင်းသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
လိုင်စင်မဲ့ ကားများ ဖမ်းဆီးမှုသည် ဈေးသည်များသာမက ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး ထွက်ကုန် ကုန်စိမ်းများကို ဈေးကွက်သို့ အချိန်မှီ မပို့ဆောင်နိုင်သောကြောင့် ဆုံးရှုံးရပြီး အမြတ်များ မကျန်ရှိခြင်းအပြင် နေ့စဉ် လူမှုရေး၊ ကျန်းမာရေး ကိစ္စများအတွက် သွားလာလှုပ်ရှားမှုများ ခက်ခဲသွားခဲ့ရသည်။
#PPV-008
#Humanright
#လိုင်စင်မဲ့ဖမ်းဆီး
#ပင်းတယ
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295