ခမ်းသားငေါဝ်း
သြဂုတ် ၁၇၊၂၀၂၅

https://www.facebook.com/share/p/19cBJJgLyW/

အင်းလေးကန်ရေတက်လာပြီး မိုင်းသောက်တံတားရှည်တိုင်ထိပ်ထိရေနစ်မြှုပ်ပြီး ရေအောက်ရောက်သွားပြီဖြစ်ကြောင်းမိုင်းသောက် ဒေသခံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးကန် ၊ မိုင်းသောက်တံတားသည် ၂၀၂၅ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်မှစ၍ ရေကြီးနစ်မြုပ် နေပြီး လက်ရှိ အချိန်တွင် တံတားရေအောက် နစ်မြုပ်နေသည်မှာ တစ်လ နီးပါးရှိပြီဖြစ်ကြောင်းသိရသည်။

“ရေက တိုးဖို့ပဲရှိတယ်။ဒီပုံစံ အတိုင်းဆိုရင် ဘုရား ကြွဖို့တောင် အခက်အခဲ ရှိနိုင်တယ်။ ဘုရားကျိန်းကျောင်းတွေလည်း မပြင်ဆင်ရသေးတာ ရေမြုပ်တာတွေလည်း ရှိနေတော့ ခက်ခဲနိုင်တယ်။ ရေတက်လာရင် မလွယ်လောက်ဘူး။ ဒီနေ့အထိ ဆက်တိုက် တက်နေတာပဲ။ ”ဟု မိုင်းသောက် ဒေသခံ ကပြော သည်။

မိုင်းသောက် တံတားသည် တံတားတိုင် ထိပ်ပိုင်းသာ ကျန်တော့သည်အထိ ရေနစ်မြုပ်နေပြီး ၊ ရေနစ်မြုပ်နေသည်မှာ အချိန်ကြာမြင့်သဖြင့် တံတား ဆွေးမြည့်မည်ကိုဒေသခံများက စိုးရိမ်နေကြ သည်။

မိုင်းသောက်အင်း နှင့် ပေပင်အင်း တို့တွင် နေအိမ် ၃ လုံးစီ ရေနစ်မြုပ်နေကြပြီး ၊ ရေဆက်လက်တက်လာလျှင် နစ်မြုပ်သွားမည့် အိမ်များလည်း ရှိနေကြောင်း သိရသည်။

“မိုင်းသောက်မှာ ဘုန်းကြီးကျောင်းနဲ့ ငလျင်ဘေးကြောင့် ပြန်ဆောက်တဲ့ အိမ်စမြုပ်တာလေ။ ဘုန်းကြီးကျောင်းကိုလည်း ရေဘေးရှောင် ၃ အိမ်လောက် ရောက်နေကြတယ်။ နောက်ထပ် ရွေ့ရမလား ဆိုတာ စောင့်ကြည့်နေတယ်။ ရှေ့တစ်ချီမှာ အိမ်ထောင်ပစ္စည်းတွေ ရွေ့ပြောင်းထားကြတော့ သိပ်တော့ မပျက်စီး လိုက်ဘူး။ အကုန်လုံး နီးပါးပဲ ။ ၆၀ ရာခိုင်နှုန်း ၊ ၇၀ ရာခိုင်နှုန်း လောက် မြုပ်ဖို့ အလားအလာတော့ ရှိနေတယ်။ ”ဟု၎င်းဒေသခံကဆက်ပြောသည်။

ယနေ့ဩဂုတ်လ ၁၇ ရက်တွင် အင်းလေးကန် ရေတက် မမြန်သော်လည်း တစ်ရက်လျှင် တစ်လက်မ ၊ နှစ်လက်မကျော် ရေတိုးနေသေးကြောင်း ၊ ယခင် ကလောက် ရေတက် မမြန်သော်လည်း ပုံမှန် ရေတက်နေမည် ဆိုလျှင် နေအိမ်များစွာ ရေနစ်မြုပ်နိုင်မည့် ဘေးကို ကြုံရနိုင်ကြောင်း ၎င်းက ဆိုသည်။

ငလျင်ဘေး ခံစားရသော ကေလာအုပ်စုတွင်းရှိ ကျေးရွာများတွင် ပျက်စီးခဲ့၍ အသစ်ပြန်လည် တည်ဆောက်ထားသော နေအိမ်များ ရေတက်လာ၍ နစ်မြုပ်မှု ကြုံတွေ့နေရကြောင်း သိရသည်။

လာမည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၂ ရက်မှ အောက်တိုဘာလ ၉ ရက် နေ့ အထိ အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီကြွချီအပူဇော်ခံ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

#PPV-006
#Innlay
#flooding
#shanstate
#မိုင်းသောက်တံတား
#ရေမြှုပ်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home