ခမ်းသားငေါဝ်း
သြဂုတ် ၇၊ ၂၀၂၅
https://www.facebook.com/share/p/1Asrnmi3eW/
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံပညာသင်ယူခွင့် ဆုံးရှုံးနေသူ (၇)သန်းဝန်းကျင် ရှိနိုင်ကြောင်း ဩဂုတ်လ(၆)ရက်နေ့၌ Institute for Strategy and Policy Myanmar၏ ဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် (၂၀၁၉-၂၀၂၀)ခုနှစ်၌ ကျောင်းအပ်နှံသူ လူဦးရေ (၉.၇) သန်း ကျော်ရှိခဲ့သော်လည်း (၂၀၂၅-၂၀၂၆)ခုနှစ်တွင် (၆.၁)သန်းသာ ရှိတော့ကြောင်း ဖော်ပြထားသည်။
ကျောင်းနေအရွယ်ကလေးအားလုံး၏ (၅၃)ရာခိုင်နှုန်း ပညာသင်ယူခွင့် ဆုံးရှုံးနေပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနှုန်းလည်း ဆက်တိုက်ကျဆင်းနေကြောင်း ဖော်ပြထားသည်။
“ကိုယ့်ပတ်ဝန်းကျင် အသိထဲမှာတောင် လေ့လာမှု အားကောင်းတဲ့ကလေးလည်း အလယ်တန်းပြီး ဆက်မတက်ကြတော့ဘဲ ဝါသနာပါရာတို့၊ အသက်မွေးဝမ်းကျောင်းတို့နောက်ပဲ လိုက်ကြတော့တာများတယ်။ ခေတ်အခြေအနေက ဒီလိုလုပ်လိုက်တာကို” ဟု လူငယ်တစ်ဦးက ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် (၂၀၂၀)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၉)သိန်းကျော် ရှိခဲ့သော်လည်း (၂၀၂၅)ခုနှစ်တွင် (၂)သိန်းဝန်းကျင်သာ ရှိတော့ကြောင်း သိရသည်။
(၂၀၁၈-၂၀၁၉)ပညာသင်နှစ်နောက်ပိုင်း အခြေခံပညာမှ အထက်တန်းအဆင့်ထိ လူဦးရေတိုးနှုန်းအရ (၁)နှစ်ကို ပျမ်းမျှအားဖြင့် (၁၀)သန်းနှင့်အထက် ရှိရမည် ဖြစ်သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုပမာဏကို မရောက်ခဲ့ကြောင်း ဖော်ပြချက်အရ သိရသည်။
အခြေခံပညာသင်ယူခွင့် ရရှိရေးသည် ကလေးငယ်များအတွက် ကြီးမားသည့် အခက်ခဲဖြစ်နေပြီး စီးပွားရေးမပြေလည်ခြင်း၊ လက်နက်ကိုင် ပဠိပက္ခအတွင်း လုံခြုံရေးစိတ်မချရခြင်းတို့သည် ကျောင်းတက်နှုန်း ကျဆင်းခြင်းကို ဝါးကူထိုးနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ပညာသင်ယူခွင့် ဆုံးရှုံးနေခြင်းသည် စစ်ရေး ပဋိပက္ခပြင်းထန်သည့် နေရာဒေသ၌ ပိုများနေပြီး စာသင်ကျောင်း အများစု ပိတ်ထားရကြောင်း ဖော်ပြထားသည်။
“ကလေးတွေ ပညာဆက်သင်ဖို့မပြောနဲ့အုံး၊ တစ်နေရာပြီး တနေရာပြေးနေရတာနဲ့ စားဖို့တောင် အနိုင်နိုင်၊ ကျောင်းတက်ရမဲ့အရွယ်လည်း လုပ်နိုင်တဲ့အလုပ်ကို ဝင်လုပ်ရင်း မိသားစု စားဝတ်နေရေး ကူညီဖြေရှင်းပေးနေရတဲ့ ကလေးတွေ အများကြီး။ ကလေးတွေက ကျောင်းဆက်တက်ချင်ပေမဲ့ ခေတ်အခြေအနေအရပေါ့လေ”ဟု စစ်ဘေးရှောင်နေသူ ကလေးမိခင်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခဖြစ်နေသည့် ဒေသများ၌ ကလေးငယ်များ စာသင်ကြားနိုင်ရန် စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းမှ ကင်းလွတ်နိုင်အောင် စာသင်ကျောင်းတွေကို ဗုံးခိုကျင်းနှင့်တွဲထားပြီး ပညာသင်ကြားနေရကြောင်း သိရသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကလေးသူငယ်အခွင့်အရေး
#စစ်အာဏာသိမ်းပြီးနောက်ပိုင်း
#အခြေခံပညာသင်ယူခွင့်
#Institute for Strategy and Policy Myanmar
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်