၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ ၂၅ ရက်နေ့

ခမ်းသားငေါဝ်း/ The Red Flag
Fact Check – အချက်လက် စစ်ဆေးခြင်း

ဖေ့ဘွတ်စ် လူမှု့ပလက်ဖောင်းပေါ်တွင် ထုဲင်ထိုးရွာက စစ်ဘေးရှောင်သားအမိနှစ်ဦးကို PNLA တပ်ဖွဲ့မှ သတ်ဖြတ် သွားသည့်အကြောင်း ဖြန့်ဝေမှုတစ်ခု တွေ့ရှိရပါသည်။

ဖြန့်ဝေထားသည့်အကြောင်းအရာမှာ ဗိုလ်မှူးခွန်သူရိန် ဦးဆောင်သည့် PNLA တပ်ဖွဲ့သည် ဘုန်းကြီးကျောင်းထဲကို ဝင်ရောက် ဖျက်ဆီးမှုလုပ်ဆောင်ခြင်း၊ စစ်ဘေးရှောင်များရှိနေသည့် နေအိမ်ထဲကို ဝင်ရောက်ပြီး ဒေသခံပြည်သူမောင်းထုတ်ကာ အိမ်ကိုလည်းဖျက်ဆီးခဲ့ကြောင်းနှင့် ထုဲင်ထိုးရွာသား သားအမိနှစ်ဦးကိုလည်း သတ်သွားကြောင်း” ဟု အဓိပ္ပာယ်ရသည့် ပအိုဝ်းဘာသာစကားဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ရေးသားဖြန့်ဝေထားပါသည်။

ထိုအကြောင်းအရာကို (စဲ့မန်း) စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်၏ ရဲ့ဘော်ဟု ယူဆလို့ရသည့် “ဒုတိယလို ငဲးသီးဝင်ခို (ခမ်းသားစဲ)” ဖေ့ဘွတ်စ်အကောင့်မှ ဖြန့်ဝေထားခြင်းဖြစ်ပြီး ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးနေချိန်၌ ရီအက်ရှင် ပြုလုပ်သူ (၃)ရာကျော်၊ မှတ်ချက်ပေးသူ (၄၆)ခုနှင့် ထပ်ဆင့်မျှဝေသူ (၁၀)ဦးအထိ ရှိနေပြီး ဖြစ်ပါသည်။

ဖြန့်ဝေထားသည့် လင့် – https://archive.ph/BKt45

၎င်းဖြန့်ဝေထားသည့်အကြောင်းအရာကို ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးရေးအဖွဲ့မှ စိစစ်ကြည့်သည့်အခါ သတင်းအမှား ဖြစ်ကြောင်း တွေ့ရှိရပါသည်။

သတင်းစိစစ်ချက်

ပြန့်နှံလာသည့်အကြောင်းရာနှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၏ ပြောရေး ဆိုခွင့်ရှိသူထံ ဆက်သွယ်စိစစ်ခြင်း။ ဒေသခံများနှင့် ဆက်သွယ်မေးမြန်းခြင်းနှင့် သတင်းအမှား ဖြန့်ဝေသူ တင်ထားသည့် ထုဲင်ထိုးရွာကို Google Earth နှင့် Google Advanced Search Tool တို့ကို အသုံးပြုကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

သတင်းအမှားဖြန့်ဝေသူ ဖြန့်ဝေထားသည့် ထုဲင်ထိုးရွာကို Google Earth ဖြင့် ရှာဖွေရာတွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ၏ ထိန်းချုပ်ဧရိယာနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် မရှိပါ။ သို့သော် စစ်ကောင်စီ (စဲ့မန်း)နှင့် PNO ပြည်သူ့စစ်တို့ ထိန်းချုပ်ထားသည့် ဒေသတွင် ထုဲင်ထိုးရွာနှင့် ရွာအမည်ဆင်တူသည့် “ထီထုဲင်ထိုးရွာ” ရှိသည့်အတွက် ၎င်းကျေးရွာကို ဆိုလိုခြင်း ဖြစ်နိုင်ကြောင်း ခမ်းသားငေါဝ်းမှ ယူဆရပါသည်။ ထီထုဲင်ထိုးကျေးရွာသည် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် အရှေ့ဘက်အတွင်းတွင် ရှိပြီး မောက်မယ်မြို့နယ်နှင့် နယ်စပ်ဒေသဖြစ်သည့်အတွက် အခုလက်ရှိ၌ PNO ပြည်သူ့စစ်နှင့် (စဲ့မန်း)စစ်ကောင်စီတို့က တပ်ဆွဲနေရာယူထားသည့်ဒေသလည်း ဖြစ်ပါသည်။

ထီထုဲင်ထိုးကျေးရွာ တည်နေရာလင့် – https://shorturl.at/umAbd

ထို့ကြောင့် စွပ်စွဲထားခြင်းခံရသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ထံ ဆက်သွယ်စိစစ်ခဲ့ပြီး PNLA၏ပြောရေးဆိုခွင့်ရှိသူ ခွန်ယိန်းယံ မှ “ မဟုတ်မမှန်တဲ့သတင်းအမှားတွေသာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လူတွေက တမင်သက်သက်သတင်းအမှားတွေ ဖြန့်ဝေတာ ဖြစ်ပါတယ်။ အဲဒီ ထီထုဲင်ထိုးရွာတို့က စစ်ကောင်စီတွေ PNO တပ်ဖွဲတွေ ရှိတဲ့နေရာတွေ ဖြစ်ပါတယ်။ ဒါကျတော်တို့နဲ မဆိုင်ပါဘူး။ အဲဒီလုပ်ရပ်က သူတို့ကိုယ်တိုင် လုပ်တာဘဲဖြစ်မှာပေါ့နော်” ဆိုပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ မွန်လွဲပိုင်းအချိန်တွင် ခမ်းသားငေါဝ်းထံသို့ အတည်ပြုပြောဆိုထားပါသည်။

ခမ်းသားငေါဝ်းမှ ဆက်သွယ်စိစစ်ရာတွင် ထီထုဲင်ထိုးရွာ အနီးရှိ ဒေသခံအမျိုးသမီး၏ ပြောကြားချက်မှာ ” အဲလို အသတ်ခံရတာတော့ မကြားမိဘူးဘဲ ရှိလဲမရှိပါဘူး ရွာမှာတော့ ခြေနေမကောင်းရင် စစ်ဘေးတိမ်ရှောင်လိုက် ခြံမှာသွား နေလိုက် ငြိမ်ပြီဆို အိမ်ပြန်လာ အဲလိုတော့ရှိ ” ဟု ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် အတည်ပြု ပြောဆိုထားပါသည်။

ထီထုဲင်ထိုးရွာနှင့် နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးကလည်း’’ထုဲင်ထိုးဆိုတာ ကျွန်တော်တို့ဒေသမှာ ထီထုဲင်ထိုးပဲရှိတယ်၊ ထီထုဲင်ထိုးမှာ ဒီအကြောင်းမကြားမိဘူး၊ လျောက်ရေးပြီး သတင်းတုဖန်းတီးနာနေမှာ၊ “ဟု ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က အတည်ပြုပြောဆိုသည်။

ထိုအပြင် သတင်းအမှား ဖြန့်ဝေသူ ဖော်ပြထားသော အကြောင်းအရာ၌ သတ်ဖြတ်ခံလိုက်ရသူများ၏ အချက်အလက်၊ နေ့ရက်အချိန်တို့မပါခြင်း၊ သက်သေအထောက်ဖြစ်သည့် ဓာတ်ပုံ (သို့) ဗီဒီယိုတို့လည်းဖော်ပြထားမှု မရှိခြင်းနှင့် မည် သည့်နေရာဒေသတွင် ဖြစ်ပျက်သွားကြောင်းကို အတိအကျဖော်ပြထားမှု မရှိခြင်းစသည့်သက်သေအထောက်ထားများ မပါရှိဘဲ ရေသားဖြန့်ဝေထားသည်ကို တွေ့ရှိရပါသည်။

ထပ်မံသေချာစေရန်အတွက် “ဆီဆိုင်မြို့နယ် ထီထုဲင်ထိုးရွာ သားအမိအသတ်ခံရ” ဆိုသည့် အဓိကစကားလုံးဖြင့် Google Advanced Search Tool ကို အသုံးပြုကာ စိစစ်ကြည့်ရာတွင်မှာလည်း ယုံကြည်စိတ်ချရသည့် သတင်းဌာနဖော်ပြချက်များ မတွေ့ရှိရပါ။

သုံးသပ်ချက်

ထို့ကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်အရှေ့ဘက် ထီထုဲင်ထိုးကျေးရွာကို PNLA တပ်ဖွဲ့မှ စစ်ဘေးရှောင်ပြည်သူ နေအိမ်ထဲ ဝင်ရောက်ဖျက်ဆီးပြီး ဒေသခံသားအမိ (၂)ဦး သတ်ဖြတ်သွားသည့် အကြောင်းအရာမှာ စွပ်စွဲရေးသားထားသော သတင်းအမှား ဖြစ်ပါသည်။

ဝါဒဖြန့်ဝေသူတို့က ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ကို တိုက်ခိုက်ဝါဒဖြန့်ရန်အတွက် ရေသားဖြန့် ဝေထားခြင်းဖြစ်ပြီး ထိုရေးသားဖော်ပြရာတွင်လည်း ဘ (၆) လုံးဖြစ်သည့် ဘယ်သူက၊ ဘယ်သူ့ကို၊ ဘယ်နေရာ၊ ဘယ်အချိန်မှာ၊ ဘာကြောင့် ၊ ဘယ်လို စသည့် အချက်အလက်များနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့် သတင်းတုသတင်းအမှားများကို ခွဲခြားစိစစ်နိုင်မည့် နည်းလမ်းများကိုလည်း ခမ်းသားငေါဝ်းမှ ပညာပေး ဗီဒီယိုရုပ်သံဖြင့် ထုတ်လွင့်ဖော်ပြထားခဲ့ပြီး စာဖတ်သူများအနေဖြင့် သွားရောက်ကြည့်ရှူ့နိုင်ပါသည်။

သတင်းတုသတင်းအမှာ စိစစ်ဖတ်ရှု့ရန် နည်းလမ်း ဗီဒီယိုလင့် – https://youtu.be/Zz5v909W0ms

သတိပြုရန်

ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံ ပြု တိုက်တွန်းလိုပါသည်။

ထို့အပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်း လိုပါသည်။

သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့ဘုတ် (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။

Fb- https://www.facebook.com/KhamSarNgor
#RedFlag # #FactCheck #Mis_Disinformation# #ခမ်းသားငေါဝ်း#