ခမ်းသားငေါဝ်း
ဇူလိူင် ၂၅၊ ၂၀၂၅
https://www.facebook.com/share/p/16ybgdroL7/
ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့၊ မြောက်ထီဗွာကျေးရွာအုပ်စု၊ ကျောင်းယရွာတွင်ဒေသခံအမျိုးသမီးက မသမာသူက တို့ဆေးဖြင့် တို့ခံရပြီး နားကပ်နှင့် ငွေသား(၁၀)သိန်း လုယက် ဖြုတ်ယူခြင်း ဖြစ်ပွားကြောင်း ဇူလိုင် (၂၅)ရက်က ဒေသခံထံမှ သိရသည်။
ဇူလိုင်(၂၄)ရက် လကွယ်နေ့တွင် လူအများ ဘုန်းကြီး ကျောင်းတက်နေစဉ် အမည်မသိ လူစိမ်းအဖွဲ့မှ ကျောင်းယရွာ ဒေသခံအိမ်သို့ ထီရောင်းမည်ဟု ဆိုကာ အသက်(၄၀)အရွယ် အမျိုးသမီး၏ ခေါင်းကို တို့ထိလိုက်ရာမူးမေ့ပြီး သတိပြန်ရစဉ် ဝတ်ထားသည့် နားကပ်နှင့် ငွေသား(၁၀)သိန်းကျပ် ပျောက်နေကြောင်း သိရသည်။
“ထီရောင်းယောင်ဆောင်တဲ့အဖွဲ့ ခန့်မှန်း(၆)ယောက်နှင့် (၈)ယောက်ကြားရှိမယ်၊ ကားနဲ့လာကြတာ။အရင်ရက်ကလည်း ရွာမှာ လာခဲ့ပြီးသား ဖြစ်တယ်။ မနေ့က ဥပုဒ်နေ့ဆိုတော့ ရွာသား အများစုက ဘုန်းကြီးကျောင်းမှာ။ အဲ့တာကို အခွင့်ကောင်းယူပြီး ဘာမှမသိတဲ့ဒေသခံကို လုပ်သွားတာ။ သတိပြန်ရလာတဲ့အချိန်မှာ အဲ့ဒီလူတွေလည်း မရှိတော့သလို နားကပ်နဲ့ ငွေသားလည်း ပါသွားပြီ”ဟု ဖြစ်စဉ် သိရှိသူ ဒေသခံက ခမ်းသားငေါဝ်းကို ပြောသည်။
ထီလက်မှတ်ရောင်းခြင်း ယောင်ဆောင်သည့် ထိုအဖွဲ့သည် ဒေသခံများ မဟုတ်ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။
ထို့အတူထိုနေ့တွင်ပင် ကျောင်းယရွာနေ အခြား မိသားစု(၅)ဦးနေထိုင်သည့် နေအိမ်အတွင်းမှာလည်း ထိုအဖွဲ့မှ ထီအားပေးရန် ပြောရင်း အိမ်ထဲနေထိုင်သည့် မိသားစုဝင်အားလုံးကို ထိလိုက်ရာမှ မူးမေ့ပြီး ကလေးငယ်(၂)ဦးထံမှ ဝတ်ထားသည့် နားကပ် ဖြုတ်ယူခံရခြင်း ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
တို့ဆေးဖြင့် တို့ခံရခြင်းခံရသူများ အားလုံးသည် သတိပြန်ရလာစဉ်မှာလည်း ချက်ချင်း စကားပြောနိုင်ခြင်းမရှိဘဲ ငိုယိုခြင်း၊ ကြောင်နေသလို ပုံစံဖြစ်ခြင်း၊ကြောက်နေခြင်း စသည့် လက္ခဏာတွေ့ရကြောင်း သိရသည်။
ဖြစ်စဉ်သိသိချင်း ကျေးရွာလူကြီးမှ သက်ဆိုင်ရာကို အကြောင်းကြားကာ ရွာရှိလူငယ် အမျိုးသားများနှင့် အတူ ထိုထီလာရောင်းသူများကို လိုက်လံရှာဖွေသော်လည်း မတွေ့ရကြောင်း သိရသည်။
“ဖြစ်တဲ့အချိန်က ရွာသူကြီးက မရှိဘူး။ သူပြန်ရောက်လာတဲ့အချိန်မှာ သိတော့ ချက်ချင်းလိုက်တာ မမှီတော့ဘူး”ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ပင်လောင်းမြို့နယ်ရှိ ကျေးရွာအများစုသည် ရွာလုံခြုံရေးအတွက် ရွာအဝင်အထွက် စစ်ဆေးခြင်းမျိုး လုပ်ဆောင်လျက်ရှိသော်လည်း ယမာန်နေ့ လကွယ်နေ့မှာ ဘုန်းကြီးကျောင်းတက်ကြသောကြောင့် ယခုလို ဖြစ်သွားကြောင်း ဒေသခံက ရှင်းပြသည်။
နောက်ထပ်ယခုလို ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားခြင်း မရှိစေရန် အချင်းချင်း သတိပေးခြင်း၊ ကလေးငယ်များကို သူစိမ်းများမှ မုန့်ပေးခြင်းလုပ်ဆောင်လာလျှင် မယူကြဖို့ သတိပေး နေထိုင်ဖို့ လိုကြောင်းနှင့် ယခုလို ပြုမူသူများကို ဖမ်းဆီး အရေးယူမှု လုပ်စေချင်ကြောင်း ဒေသခံက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးလေးနှစ်ကျော်အတွင်းတွင် တရာဥပဒေစိုးမိုးမှုမရှိဘဲ ခိုးဆိုးလုယက်မှု ပိုမိုများပြားလာသလို ယခုလိုတို့ဆေးဖြင့်လုပ်စားလာကြကြောင်းသိရသည်။
#PPV0011
#တို့ဆေး
#ပင်လောင်း
#ကျောင်းယရွာ
#လိမ်လည်လုယက်ခြင်း
#မြောက်ထီဗွာ
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်