၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ ၂၄ ရက်နေ့
ခမ်းသားငေါဝ်း/ The Red Flag
Fact Check – အချက်လက် စစ်ဆေးခြင်း

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ အင်းအရှေ့ဘက်ကမ်းရှိ ကျေးရွာ (၂) ရွာကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ဗုံးကြဲချခြင်းခံရသည့်အတွက် ထိခိုက်ဒဏ်ရာရရှိသွားသော ဒေသခံအမျိုးသမီးတစ်ဦးမှ တောင်ကြီးစစ်စံထွန်းဆေးရုံသို့ သွားရောက်ဆေးကုသခံယူလိုက်ရသည့် အကြောင်းအရာဖြန့်‌ဝေမှုကို တွေ့ရှိရပါသည်။

ထိုဖြန့်ဝေရေးသားချက်သည် ဖယ်ခုံမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်လိုက်သည့် ဒရုန်းလက်နက်ကြီးကြောင့် နေအိမ်အမိုးများပျက်စီးခဲ့ပြီး အပြစ်မဲ့ပြည်သူတစ်ဦးကိုလည်း ဗုံးသီးပေါက်ကွဲစထိမှန်ခဲ့သည့်အတွက် ဇူလှိုင်လ ၁၉ ရက်နေ့တွင် တောင်ကြီး စစ်စံထွန်းဆေးရုံသို့ လာရောက်ဆေးကုသခံခဲ့ကြောင်းကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ရေးသားဖြန့်ဝေထားပါသည်။

ထိုအကြောင်းအရာကို စစ်ကောင်စီ ဝါဒဖြန့်ဝေသူ တယ်လီဂရမ်အကောင့်ဖြစ်သည့် “ News Of Myanmar NOM “ နှင့် “ Myanmar National Portal ” ဝက်ဆိုဒ် တို့မှ ဖြန့်ဝေထားခြင်း ဖြစ်ပြီး ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးနေချိန်၌ ကြည့်ရှူသူ (၉) ရာကျော်၊ ရီအက်ရှင် ပြုလုပ်သူ (၁၃) ခုနှင့် စစ်ကောင်စီ၏ ဝက်ဆိုဒ်တို့မှလည်း ဖြန့်ဝေထားသည့်အတွက် ပြန့်နှံမှုလည်း များနေပါသည်။
ဖြန့်ဝေထားသည့် လင့် – https://archive.ph/hi3tW
ဖြန့်ဝေထားသည့် လင့် – https://archive.ph/RWGFQ

၎င်းတို့ ဖြန့်ဝေထားသည့်အကြောင်းအရာကို ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးရေးအဖွဲ့မှ စိစစ်ကြည့်သည့်အခါ စွပ်စွဲရေးသားထားသော သတင်းအမှားအကြောင်းအရာဖြစ်ကြောင်း တွေ့ရှိရပါသည်။

သတင်းစိစစ်ချက်
Google Advanced Search Tool ကို အသုံးပြုကာ “ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများ ဗုံးကြဲခံရ” ဆိုသည့် အဓိက စကားလုံးဖြင့် ရှာဖွေစိစစ်ခဲ့ရာ ယုံကြည်စိတ်ချရသည့် သတင်းဌာနတို့၏ ဖော်ပြချက်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့မှ ထုတ်ပြန်ချက်တို့ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။

စစ်ကောင်စီသည် လွိုင်ကော်၊ လွိုင်လင်လေးမြို့နှင့် မိုးဗြဲမြို့တို့မှ အခြေစိုက်ထားသည့် အမြောက်တပ်များဖြင့် ဖယ်ခုံမြို့ အင်းအရှေ့ဘက်ကမ်းရှိ အပြစ်မဲ့ပြည်သူများနေထိုင်သည့် ကျေးရွာများကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ နေ့လည် (၁၂) နာရီအချိန်၌ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ လက်နက်ကြီးကျည်များထိမှန်ကာ ကျေးရွာ (၂) ရွာမှ အရပ်သားပြည်သူ အမျိုးသမီး (၂)ဦး၊ အမျိုးသား (၃)ဦး သေဆုံးခဲ့ကာ (၇)ဦးခန့် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး နေအိမ်များ နှင့် ဘာသာရေးအဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF မှ ထုတ်ပြန်ထားပါသည်။
ထုတ်ပြန်ချက် လင့် – https://shorturl.at/7dTyO

ထိုထုတ်ပြန်ချက်ကို People’s Spring သတင်းဌာမှ ဖော်ပြချက်ထဲတွင်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းကို ဖော်ပြထားပြီး “အပြစ်မရှိတဲ့ပြည်သူတွေ ဘယ်နှစ်ယောက် ထပ်သေပေးရဦးမလဲ။ပြည်သူ့မျက်ရည်တွေ မြင်အောင် ကြည့်ပေးကြပါဦး” ဟု စစ်ကောင်စီလက်နက်ကြီးကြောင့် ထိမှန်ခဲ့သူများကို ကယ်ဆယ်ကုသပေးနေသူတစ်ဦး၏ ပြောကြားချက်နှင့်အတူ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖော်ပြထားပါသည်။
People’s Spring သတင်းလင့် – https://shorturl.at/b5pIf

၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ KNDF ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက DVB သတင်းဌာနထံ ပြောကြားချက်တွင် “ဖယ်ခုံအရှေ့ဘက်ကမ်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ တိုက်ခိုက်တဲ့အတွက် ပြည်သူတွေ သေဆုံး ထိခိုက်ရတာဖြစ်ပါတယ်။ သေဆုံး ထိခိုက်ရသူတွေက ဖယ်ခုံအရှေ့ဘက်ကမ်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဘက်ကို မလာရောက်နိုင်တော့တဲ့သူတွေပေါ့နော်၊ ပိတ်မိတဲ့သူ ပြည်သူတွေဖြစ်တယ်” လို့ ပြောဆိုထားပါသည်။
DVB သတင်းဌာန ဖော်ပြချက် လင့် – https://shorturl.at/nta46

လက်နက်ကြီး ထိမှန်သူနှင့် နီးစပ်သည့် CDM ကျောင်းဆရာမ တစ်ဦး၏ ပြောကြားချက်ကို BNI မှ ဖော်ပြရာတွင်မှာလည်း “သူတို့က မိုးဗြဲကို ထိုးတယ်ဆိုတော့ မရှောင်လည်း ရတယ်ထင်ပြီး နေနေကြတာပေါ့။ တကယ်လည်း အခုကျတဲ့ ရွာတွေဆို တိုက်ပွဲမဖြစ်ဘူးလေ။ လမ်းကြောင်း ကြိုရှင်းတယ် ပြောရအောင်လည်း သူတို့ ဖြတ်မယ့် နေရာလည်း မဟုတ်ဘူး။ တော်လှန်ရေးတပ် တွေလည်း မရှိဘူး။ သက်သက်မဲ့ကို လက်နက်ကြီး အတွဲလိုက် ပစ်တာ” ဟု ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြောကြားထားပါသည်။
BNI သတင်းလင့် – https://shorturl.at/NXzOo

ဒါအပြင် ရှမ်းတောင်အခြေစိုက် ခမ်းသားငေါဝ်း သတင်းဌာနနှင့် အင်းလေးလူထု လှုပ်ရှားမှု တို့၏ ဖော်ပြချက်တွင်လည်း စစ်ကောင်စီမှ တာဝေးပစ်လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဖယ်ခုံအင်းအရှေ့ဘက်ရှိ ကျေးရွာ (၂) ရွာမှ အရပ်သားပြည်သူအမျိုး သမီး (၂)ဦး၊ အမျိုးသား (၃)ဦး သေဆုံးခဲ့ကာ (၇) ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းကို ဇူလိုင် ၁၉ ရက်နှင့် ၂၀ ရက်တို့မှာ ထပ်တူ ဖော်ပြထားပါသည်။
ခမ်းသားငေါဝ်း သတင်းဌာန လင့် – https://shorturl.at/hcBjT
အင်းလေးလူထု လှုပ်ရှားမှု ဖော်ပြချက် လင့် – https://www.facebook.com/share/p/1C4uXFKSbS/

ဆင်ဖြူကျေးရွာသည် ဖယ်ခုံမြို့ အင်းအရှေ့ဘက်ကမ်းတွင် ရှိသည့်အတွက် ၂၀၂၅ခုနှစ် ဇူလိုင်လ ၁၈ ရက် နေ့လည်ပိုင်း ၁၂ နာရီအချိန် စစ်ကောင်စီမှ တာဝေးပစ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ချိန်၌ ထိခိုက်ပျက်စီးမှုခံစားခဲ့ရသည့် ကျေးရွာတစ်ရွာအပါအဝင်လည်း ဖြစ်ပါသည်။

သုံးသပ်ချက်
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းရှိ ကျေးရွာ (၂) ရွာကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာနှင့် သေဆုံးမှုများ ရှိခဲ့သည်မှာ သတင်းမှန် ဖြစ်ပါသည်။
စစ်ကောင်စီဝါဒဖြန့်ဝေသူများဖော်ပြထားသည့်အတိုင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းလက်နက်ကြီးကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိသွားသည်မှာ စွပ်စွဲရေးသားထားသော အကြောင်းအရာ ဖြစ်ပါသည်။

စစ်ကောင်စီအားပေးအားမြောက်သူများသည် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည့် ပြည်သူ့နေအိမ်မီးရှို့ခြင်း၊ အပြစ်မဲ့ ပြည်သူသတ်ဖြတ်ခြင်းနှင့် ပြည်သူ့ပိုင်ပစ္စည်းများ ခိုးယူခြင်းစသည့်တို့ကို ဖုံးကွယ်ရန်အတွက် ထိုဒေသတွင် ရှိသည့် အခြားဆန့်ကျင်ဘက်အဖွဲ့အစည်းများကို စွပ်စွဲလွဲချလေ့ရှိကြောင်း ယခင် ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးမှုများကို ဖတ်ရှု့နိုင်ပါသည်။
ယခင် လင့် – https://shorturl.at/25n7P
ယခင် လင့် – https://shorturl.at/hutgl
ယခင် လင့် – https://shorturl.at/XE10W
ယခင်လင့် – https://shorturl.at/YfrDq

သတိပြုရန်
ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံ ပြု တိုက်တွန်းလိုပါသည်။
ထို့အပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်း လိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့ဘုတ် (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Fb- https://www.facebook.com/KhamSarNgor
#RedFlag # #FactCheck #Mis_Disinformation# #ခမ်းသားငေါဝ်း#