၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ ၂၂ ရက်နေ့

ခမ်းသားငေါဝ်း/MPA/ MFCN/ The Red Flag
Fact Check – အချက်လက် စစ်ဆေးခြင်း

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီထံ ပြန်လည်လက်လွတ်ရသည်မှာ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ကြောင့်ဆိုပြီး TNLA ၏ ဗိုလ်ချုပ်တားဘုန်းကျော်ရဲ့ ဖေ့ဘွတ်ခ် အကောင့်ကနေ ရေးသားထားသည့် ပုံစံဖြင့် အချိန်ကိုက် ဖြန့်ဝေထားသည့် screenshot ဓာတ်ပုံနှင့်အတူ ပိုစ့် တစ်ခု ပြန့်နှံလာသည်ကို တွေ့ရှိရပါသည်။

မန္တလေး PDF အများစုသည် စစ်ကောင်စီဒလှန် လုပ်နေကြကြောင်းနှင့် တော်လှန်ရေး အစစ်အမှန်ကိုသာလုပ်ခဲ့ရင် နောင်ချိုကို ပြန်လက်လွတ်ရမည်မဟုတ်ကြောင်း စသည့်အကြောင်းအရာများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA)၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၏ ဆိုရှယ်မီဒီယာအကောင့် “ Mai Tea Land ” မှ ရေးသားဖြန့်ဝေထားသည့် ဟန်ဖြင့် ဖြန့်ဝေထားပါသည်။ ထိုအကြောင်းအရာကို “ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ” ဖေဘွတ်ခ် အကောင့်မှ ၂၀၂၅ ခုနှစ် ဇူလှိုင်လ ၁၈ တွင် စတင်ဖြန့်ဝေထားခြင်းဖြစ်ပြီး “နောင်ချို ပြန်ဆုံးရှုံးသွားတာကို မန္တလေး PDF ခေါင်းဆောင်ကို ဒလှန်လို့ စွပ်စွဲတဲ့ TNLA စစ်ဦးစီးချုပ် တာ့ဖုန်းကျော် “ ဆိုသည့် စာသားနှင့်အတူ ဖြန့်ဝေထားပါသည်။

၎င်းဖြန့်ဝေထားသည့်အကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်အကောင့် “ ဘညွန့် ၊ မှိုင်းဝေ” နှင့် ဖေ့ဘွတ်ခ် အကောင့်ဖြစ်သည့် “အောင်နိုင်သူ” စသည့် အကောင့်တို့မှာလည်း ဖြန့်ဝေထားပြီး မြန်မာ့အချက်အလက်စစ်ဆေးရေးကွန်ယက်မှ အချက်အလက်စစ်ဆေးနေချိန်၌ ကြည့်ရှူသူ (၅) သောင်းကျော်၊ ရီအက်ရှင် ပြုလုပ်သူ (၁) ထောင်ကျော်နှင့် မှတ်ချက်ပေးသူ ၂၃ ခုထိရှိနေပြီး ထပ်ဆင့်ဖြန့်ဝေသူများ (၉၀) ဦးအထိရှိနေသည့်အတွက် ပြန့်နှံမှုလည်း များနေပါသည်။
ဖြန့်ဝေထားသည့် လင့် – https://archive.ph/nhHk9
ဖြန့်ဝေထားသည့် လင့် – https://archive.ph/VgjP3
ဖြန့်ဝေထားသည့် လင့် – https://archive.ph/yrigs
ဖြန့်ဝေထားသည့် လင့် – https://archive.ph/pDYXN

၎င်းတို့ ဖြန့်ဝေထားသည့်အကြောင်းအရာကို Myanmar Fact- Checking Network (MFCN) အဖွဲ့ဝင်ဖြစ်သည့် Myanmar Pressphoto Agency နှင့် ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးရေးအဖွဲ့တို့မှ ပူးပေါင်းစိစစ်ကြည့်သည့်အခါ ဖန်တီးလုပ်ဆောင်ထားသော သတင်းအမှား ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

သတင်း စိစစ်ချက်
ပြန့်နှံလာသည့် Screenshop ပုံကို ဗိုလ်ချုပ်တားဘုန်းကျော်၏ မူရင်းအကောင့်ပိုစ့်များနှင့်တိုက်စစ်ခြင်းအပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/ TNLA ၏ ပြန်ကြားရေးဌာနတို့ထံ ဆက်သွယ်အတည်ပြု စိစစ်မှုများ ပြုလုပ်ခဲ့ပါသည်။

PSLF/ TNLA ၏ ပြန်ကြားရေးဌာနတို့ထံ ခမ်းသားငေါဝ်းမှ ဆက်သွယ် အတည်ပြုရာတွင်မှာ သတင်းဟာ မမှန်ကန်ကြောင်းနှင့် အခြားသူတစ်ဦးက ဗိုလ်ချုပ်တားဘုန်းကျော် အကောင့်ပုံစံတူ ပြုလုပ်ကာ သုံးထားခြင်းဖြစ်ကြောင်း ၂၀၂၅ ခုနှစ် ဇူလှိုင်လ ၂၂ ရက်နေ့ နေ့လည်ပိုင်းတွင် အတည်ပြုပြောဆိုထားပါသည်။

ပိုမိုတိကျစေရန်အတွက် ခမ်းသားငေါဝ်းမှ ဗိုလ်ချုပ် တားဘုန်းကျော် ၏ “Mai Tea Land” ဖေ့ဘွတ်ခ်အကောင့်သို့ ဝင်ရောက်စိစစ်ကြည့်ရာတွင် ဇူလှိုင်လ ၁၈ ရက်နေ့တွင် တင်ထားသည့် ပိုစ်သည် BBC သတင်းဌာန၏ သတင်းရေးသားမှုကို မှတ်ချက်ပေးထားသည့် ပိုစ်အကြောင်းအရာ တစ်ခုသာ တွေ့ရှိရပြီး ၎င်းတို့ ဖြန့်ဝေနေသည့် Screenshop အကြောင်းအရာနှင့် တူညီတာ မတွေ့ရှိရပါ။
ဇူလှိုင်လ ၁၈ ရက်နေ့တွင် တင်ထားသည့် ပိုစ့်လင့် – https://shorturl.at/9W0Ww
ဒါအပြင် ဗိုလ်ချုပ်တားဘုန်းကျော်၏ အကောင့်တွင် တင်ထားလေ့ရှိသည့် အရေးအသားများနှင့် Screenshop ပိုစ့် ဓာတ်ပုံရှိ အရေးသားတို့ကို နိုင်းယှဉ်ကြည့်ပါက ကွဲပြားမှု များစွာ တွေ့ရှိရပါသည်။ အထင်ရှားဆုံးအရေးသားများတွင် ” ကိုင်တွယ်” ကို ကိုင်သွယ် ဆိုသည့် စာလုံးပေါင်းသတ်ပုံမှားခြင်း၊ မန္တလေး PDF ကို မန်းPDF ၊ ခေါင်းဆောင်များကို ခေါင်းကြီး ၊ စိစစ်ကို စီစစ်၊ တာလားကို တားလား စသည့် စာလုံးပေါင်း သတ်ပုံများစွာ လွဲမှားနေသည်ကို တွေ့ရှိရပါသည်။ စစ်ကောင်စီကို ဗိုလ်ချုပ်တားဘုန်းကျော်အနေဖြင့် ယခင်အရေးသားများတွင် မအလ လို့သာ ရေးသားသုံးစွဲထားပြီး စကစ ဖြင့် ရေးသားသုံးစွဲထားခြင်းမရှိပါ။

အထင်ရှားဆုံးအချက်မှာ အဂ်လိပ် စာလုံးနှင့် မြန်မာစာလုံးတို့မှာ စာလုံးဆိုဒ် မတူညီဘဲ English စာလုံးဖြစ်သည့် PDF , TNLA တို့မှာ အရွယ်အစား ပိုကြီးနေတာကို တွေ့ရှိရပါသည်။ နောက်ထပ်သက်သေပြချက်များမှာ Screenshop ထားသည့် ပုံ အချို့ နေရာများတွင်သာ ကြည်လင်နေပြီး စာလုံးများက ဝါးနေသည်ကို တွေ့ရပါသည်။ သာမာန် ဖေ့ဘွတ်ခ် ပိုစ်များ၏ အချိန်ဖော်ပြမှုဘေးရှိ ကမ္ဘာလုံးသည် အရွယ်အစားသေးရမာဖြစ်ပြီး ၎င်းဖော်ပြသည့် ပုံတွင်မှာတော့ သိသိသာသာ ကြီးနေပြီး zoom ဆွဲကြည့်မယ် ဆိုရင် ကမ္ဘာလုံးက ထိပ်ပိုင်း ပြတ်နေသည်ကို တွေ့ရှိရမာဘဲ ဖြစ်ပါသည်။

ဝါဒဖြန့်ဝေသူများက ဗိုလ်ချုပ် တားဘုန်းကျော်မှ တင်ထားပြီး မိနစ်အနည်ငယ်အကြာမှ ပြန်လည်ဖျက်သွားသည့် ပုံစံဖြင့် အငြင်းပွားဖွယ်ရာဖြစ်အောင် Photoshop ကို အသုံးပြုကာ ရည်ရွယ်ချက်ရှိရှိ ဖန်တီးလုပ်ဆောင်ထားခြင်းဖြစ်ပါသည်။

သုံးသပ်ချက်
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နောင်ချိုမြို့ကို ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့တွင် စစ်ကောင်စီထံ လက်လွတ်လိုက်ရသည်မှာ သတင်းမှန် ဖြစ်ပါသည်။
သို့သော် နောင်ချိုမြို့ကို လက်လွတ်လိုက်ရသည့်အတွက် TNLA အထွေထွေအတွင်းရေးမှုး ဗိုလ်ချုပ်တားဘုန်းကျော်၏ လူမှုဆိုရှယ်အကောင့်မှ မန္တလေး ပြည့်သူ့ရေးတပ် (MDY-PDF) တို့ကို အပြစ်တင် ပြောဆိုထားသည့် အကြောင်းအရာမှာ ဖန်တီးလုပ်ကြံထားသော သတင်းအမှားသာ ဖြစ်ပါသည်။

ဝါဒဖြန့်ဝေသူများက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA) နှင့်အတူ တိုက်ပွဲပူးပေါင်းပါဝင်ခဲ့သည့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) တို့အကြား အမုန်းပွားစေရန်အတွက် လုပ်ကြံဖန်တီးကာ နောင်ချိုမြို့ကို အကြောင်းပြု၍ အချိန်ကိုက် ဖြန့်ဝေခြင်းဖြစ်ပါသည်။

ထို “ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ” ဖေဘွတ်ခ် အကောင့်သည် လုပ်ကြံဖန်တီးထားသည့် ဓာတ်ပုံဖြင့် TNLA ကို တိုက်ခိုက်ရေးသားမှုများ မကြာခဏ ပြုလုပ်လေ့ရှိကြောင်းကို အောက်ပါစစ်ဆေးထားဖူးသည့် လင့်များတွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါသည်။
MFCN Fact check – https://shorturl.at/i72oC
Shwe Phee Myay News Agency – https://bitly.cx/ZaE2e
People’s Spring – https://bitly.cx/5MiB
Public Voice Television – https://bitly.cx/79kSt
သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။
ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့ဘုတ် (facebook page) နှင့် Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
Fb- https://www.facebook.com/KhamSarNgor
#MFCN #RedFlag # #FactCheck #Mis_Disinformation# #ခမ်းသားငေါဝ်း#Myanmar Pressphoto Agency#