ခမ်းသားငေါဝ်း
ဇူလိုင် ၁၉၊ ၂၀၂၅

https://www.facebook.com/share/p/19APD5cKvJ/

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ တောင်လေးလုံးထောင်(ခေါ်) ညောင်ရွှေထောင်တွင် အကျဥ်းသား ၆၀၀ ကျော် မကြာမီအတွင်း အခြားထောင်များသို့ ပြောင်းရွှေ့ရန်ရှိကြောင်း သတင်းရင်းမြစ်ထံသိရသည်။

ယခင်က အဆိုပါသတင်းမျိုးသည် လိမ်လည် ဖန်တီးမှုဖြစ်၍ မယုံရန် ထောင်အုပ်ချုပ်ရေးပိုင်းက ပြောဆိုဖူး သော်လည်း ယခုရရှိသည့်သတင်းအပေါ် ထောင်ဝန်ထမ်းပိုင်းမှ မည်သို့မျှ မှတ်ချက်မပေးလိုဟု သတင်းရင်းမြစ်ကပြောသည်။

ညောင်ရွှေအကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား၆၀၀နီးပါးအပါအဝင်အကျဥ်းသား၊ အကျဥ်းသူ ၄ထောင်ကျော်ရှိရာ ယင်းအထဲမှ ၆၀၀ကျော် ကို အခြားထောင်များသို့ပြောင်းရွှေ့ရန်ရှိနေသည် ဟု ထောင်ဝန်ထမ်းပိုင်းနှင့်နီးစပ်သူတစ်ဦးက အတည်ပြုပြောဆိုသည်။

‘ဒါက အာဏာသိမ်းပြီးနောက်ပိုင်း အစုအပြုံလိုက် ပြောင်းတာ ပထမဆုံးအကြိမ်ပဲ၊ ဟိုတုန်းကတော့ ဒိုက်ဦးထောင် ကိုပို့တယ်၊ အခုက မိထ္တီလာနဲ့မန္တလေး အများဆုံးဖြစ်မယ်’ဟု ပြောသည်။

ယခင် NLD ရှမ်းဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်တို့ကို သာယာဝတီ နှင့် တောင်ငူထောင်များသို့ တစ်ဦးချင်းပြောင်းရွှေ့ခဲ့ခြင်းများရှိသော်လည်း ယခုလို ရာချီပြောင်းရွှေ့မှုများမရှိဟု ဆိုသည်။

ထောင်ဝင်စာသွားတွေ့ခဲ့သည့် မိသားစုတစ်ဦးက ‘’ကျွန်မအစ်ကိုက လွတ်တော့မယ်လို့ကြားတာကနေ ခုထောင်ပြောင်းတဲ့ထဲပါမယ်လို့လည်း ကြားနေတယ်၊ ဒီလ ဓါတ်ပုံတွေလာရိုက်သွားတယ် ပြောင်းဖို့သေချာနေပြီ၊ ဘာတွေမှန်းကိုယ်လည်းမသိတော့ဘူး”ဟု ခမ်းသားငေါဝ်းကိုပြောသည်။

အကျဥ်းသားလောကတွင် ထောင်ပြောင်းကို ကြောက်ကြရပြီး ထောင်ဖက်ကလည်း ယင်းသတင်းမျိုးကို အုတ်ရိုးသတင်း၊ ဟန်းကောသတင်းအဖြစ် ထောင်မပြောင်းချင်သူများထံမှ ငွေညှစ်ယူသည့် ကိစ္စအဖြစ် တည်ရှိကြသည်။

စစ်အစိုးရအဆက်ဆက်နှင့် ယခု စစ်ကောင်စီလက်ထက်တွင် နိုင်ငံရေးအကျဥ်းသားများကိုမိသားစုနှင့်ဝေးရာ ထောင်များသို့ ထောင်ပြောင်းချုပ်နှောင်ခြင်းသည် လူသားချင်းစာနာမှုမရှိသည့် ပုံမှန်လုပ်ရပ် အဖြစ်ကျူးလွန် နေကြကြောင်း နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ပြောသည်။

‘ထောင်ပြောင်းခံရပြီး မိသားစုနဲ့အဝေးမှာ ကျဆုံးခဲ့ရတဲ့ နိုင်ကျဥ်းတွေ အများကြီးရှိတယ်၊ အပူပိုင်းကအအေးပိုင်း မြင်းခြံကနေ အဝေးဆုံးပူတာအိုပို့တာမျိုးပေါ့၊ လွတ်နီးတွေလည်းပြောမရဘူး ၊ အခုက လွိုင်ကော်နဲ့ လားရှိူးတောင်ပြန်ပို့နိုင်တယ်၊ သူတို့လုပ်ချင်သလို လုပ်နေတာဆိုတော့လေ’ဟုပြောသည်။

မြန်မာ့အကျဉ်းထောင်သက်သေ(Myanmar Prisin Witness-MPW)၏ စောင့်ကြည့်မှုမှတ်တမ်းများအရ အကျဉ်း ထောင်အာဏာပိုင်များအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ၏ထောင်တွင်းစည်းလုံးညီညွတ်နေမှုကို ပြိုကွဲစေရန်၊မိသားစုဝင်များနှင့် အဆက်သွယ်ရရှိမှုခက်ခဲစေရန်၊ နောက်ဆက်တွဲ စိတ်ဓါတ်ကျဆင်း စေရန်၊ ထောင်တွင်းလှုပ်ရှားမှုများမဖြစ်ပေါ်စေရန်နှင့် အကျဉ်း ထောင်ဝန်ထမ်းများ၏ အဂတိလိုက်စားမှုများကို ဖုံးကွယ် ရန်အတွက် နှစ်စဉ်အကျဉ်းသားဦးရေ ၁၅၀၀မှ ၃၅၀၀ ကြားရှိ အကျဉ်းသားအရေအတွက်ကို မိသားစုနှင့် ဝေးကွာသည့်ထောင်များသို့ နှစ်စဉ်ပြောင်းရွှေ့မှုများကိုစစ်ဆင်ရေးတစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း စီစစ်တွေ့ရှိရသည် ဟု ဇူလိုင် ၈ ရက်က ထုတ်ပြန်ချက်တွင်ပါရှိသည်။

၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၈၈၃ ဦး ထောင်ပြောင်းရွှေ့ခံခဲ့ရပြီး ၂၀၂၄ ခုနှစ်တွင်ထောင်ပြောင်းရွှေ့ မှုအရေအတွက်သည် ၃၀၅၄ ဦးအထိရှိခဲ့ပြီး အဆိုပါပြောင်းရွှေ့မှုထဲတွင် နိုင်ငံ‌ရေးအကျဉ်း သား ၁၈၉၃ ဦး ပါဝင်ခဲ့ပြီး ယခု ၂၀၂၅ခုနှစ် ပထမခြောက်လအတွင်း ထောင်ပြောင်းရွှေ့မှုအရေအတွက်သည် ၉၅၀ ဦးအထိ ရှိသည်ဟု MPW ၏စာ ရင်းအရ သိရသည်။

#ppv002
#Humanright
#အကျဥ်းထောင်
#ညောင်ရွှေထောင်
#တောင်လေးလုံး
#ထောင်ပြောင်း

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home