၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ ၁၆ ရက်နေ့
ခမ်းသားငေါဝ်း/ The Red Flag
Fact Check – အချက်လက် စစ်ဆေးခြင်း
တအာင်းတပ်မတော် – TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့တွင် စစ်ကောင်စီစစ်မှုထမ်းဟောင်းများနှင့် NLD ထောက်ခံသူတို့၏ နေအိမ်အလုံး (၃၀) ကျော်ကို TNLA မှ ၂၀၂၅ ခုနှစ် ဇူလှိုင်လ ၁၂ ရက်နေ့ နေ့လည်ပိုင်းတွင် စတင်မီးရှို့ ဖျက်ဆီးခဲ့သည့်အကြောင်း ဖြန့်ဝေမှု တစ်ခုတွေ့ရှိရပါသည်။
ထိုအကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်အကောင့်များမှ ဖြန့်ဝေထားခြင်း ဖြစ်ပြီး မူရင်းဖြန့်ဝေမှုသည် “ TNLA ဟာ မနေ့နေ့လည်က နောင်ချိုမြို့မှာချိတ်ပိတ်ထားတဲ့ စစ်မှုထမ်းဟောင်းတွေနဲ့ အနီမ ထောက်ခံသူဟု စွတ်စွဲထားသူ တွေရဲ့ နေအိမ်အလုံး(၃၀) ကျော်ကို စတင်မီးလျှို့ဖျတ်စီးခဲ့ပါတယ်” (မူရင်းသတ်ပုံအတိုင်း) ဟု ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ဖြန့်ဝေထားပါသည်။
၎င်းကို စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်အကောင့်ဖြစ်သည့် “Kyaw Swar , Snow Queen, “ စသည့် အကောင့်တို့ကနေ ဖြန့်ဝေထားခြင်းဖြစ်ပြီး ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးနေချိန်၌ ကြည့်ရှုသူ (၂) သောင်းကျော်၊ ရီအက်ရှင် ပြုလုပ်သူ (၇) ရာကျော်နှင့် မှတ်ချက်ပေးသူ ၁၇ ခုထိရှိနေပြီး Follower များသည့် အခြားလော်ဘီအကောင့်ဖြစ်သည့် “မောရှမ်းမြေ၊ KO Thet, အဖိုးလေး” အကောင့်တို့မှ ထပ်ဆင့်ဖြန့်ဝေထားသည့်အတွက် ပြန့်နှံမှုလည်း များနေပါသည်။
ဖြန့်ဝေထားသည့် လင့် – https://archive.ph/1tbVK
ဖြန့်ဝေထားသည့် လင့် – https://archive.ph/T0kD0
ဖြန့်ဝေထားသည့် လင့် – https://archive.ph/pOAmD
၎င်းတို့ ဖြန့်ဝေထားသည့်အကြောင်းအရာကို ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးရေးအဖွဲ့မှ စိစစ်ကြည့်သည့်အခါ သတင်းအမှား ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သတင်း စိစစ်ချက်
နောင်ချိုမြို့တွင် စစ်ကောင်စီစစ်မှုထမ်းဟောင်းများနှင့် NLD ထောက်ခံသူတို့၏ နေအိမ် အလုံး (၃၀) ကျော်မီးရှို့ဖျက်ဆီး ခံရခြင်းနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသည့် သတင်းဌာနများ၊ ဒေသခံ အသံနှင့် စကားလုံးဖြင့် ရှာဖွေသည့် Google advanced Search Tool တို့ကို အသုံးပြု၍ စိစစ်မှုများ ပြုလုပ်ခဲ့ပါသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ သတင်းနှင့် ပတ်သက်၍ Myanmar Now သတင်းဌာန၏ ဇူလိုင်လ ၁၃ ရက်နေ့ ဖော်ပြချက်တွင် စစ်ရေးအခြေအနေနှင့် လေကြောင်းတိုက်ခိုက်မှုအကြောင်းအရာများ၊ အပြစ်မဲ့ ပြည်သူများ ထိခိုက်သေ ဆုံးခဲ့သည့် အခြေအနေများကိုသာ ဖော်ပြထားပြီး ထိုစစ်ကောင်စီဝါဒဖြန့်ထားသည့်အကြောင်းအရာနှင့် ပတ်သက်သော အကြောင်းအရာများအား ရေးသားဖော်ပြထားခြင်း မတွေ့ရှိရပါ။
Myanmar Now သတင်းလင့် – https://myanmar-now.org/mm/news/64997/
တအာင်းဒေသတွင်း မီဒီယာတခုဖြစ်သည့် ရွှေဖီမြေသတင်းဌာန၏ သတင်းဖော်ပြချက်မှာလည်း ဇူလိုင်လ ၁၃ ရက်နေ့တွင် နောင်ချိုမြို့အနီး ကျေးရွာ (၃) ရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီမှ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးနေကြောင်းကို ဖော်ပြထားပါသည်။ ဒါအပြင် ဇူလိုင်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၆ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ဖော်ပြထားပါသည်။
ရွှေဖီမြေ သတင်းဖော်ပြလင့် – https://www.facebook.com/share/p/17UyhY9tnT/
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ တအာင်းတပ်မတော် – TNLA သတင်းနှင့် ပြန်ကြားရေး၏ ထုတ်ပြန်ချက်မှာလည်း နောင်ချိုမြို့နယ်ရှိ ရွှေပြည်ညွန့်၊ ကျောက်တော၊ ကုန်းစံ၊ ပန်လန်းနှင့် ကျောက်ကြမ်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၁၈၂)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၅၇)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ကြောင်းကို ထုတ်ပြန်ထားပါသည်။
TNLA သတင်းနှင့် ပြန်ကြားရေး ထုတ်ပြန်ချက်လင့် – https://t.me/taangtv2023/6321
ဇူလိုင်လ ၁၂ ရက်နေ့ နေ့လည်ပိုင်း နောင်ချိုမြို့တွင် စစ်ကောင်စီစစ်မှုထမ်းဟောင်းများနှင့် NLD ထောက်ခံသူတို့၏ နေအိမ် အလုံး (၃၀) ကျော်မီးရှို့ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ ပိုမိုတိကျစေရန်အတွက် နောင်ချိုမြို့ဒေသခံ အမျိုးသားတစ်ဦးထံသို့ ခမ်းသားငေါဝ်းမှ ဆက်သွယ်မေးမြန်းရာတွင်လည်း “ အဲလို မီးရှို့တာမရှိပါဘူး စစ်ကောင်စီဝါဒဖြန့်တာပဲရှိတယ် နောင်ချိုမှာ နေအိမ်မီးရှို့ခံရလည်း မကြားမိပါဘူး” ဟု ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ နေ့လည် (၂) နာရီဝန်ကျင်တွင် အတည် ပြုဖြေကြားခဲ့ပါသည်။
ထို့အပြင် စစ်ကောင်စီဝါဒဖြန့်လော်ဘီတွေ ဝါဒဖြန့်ထားသည့် အကြောင်းအရာကို အဓိက စကားလုံးဖြင့် Google Advanced search Tool ကို အသုံးပြုပြီး ခမ်းသားငေါဝ်းမှ ထပ်မံရှာဖွေစိစစ်ကြည့်ရာတွင် ယုံကြည့်စိတ်ချရသည့်သ တင်းဌာန ဖော်ပြချက်နှင့် မီးရှို့ဖျက်ဆီးခံလိုက်ရသည့် နေအိမ် ဓာတ်ပုံ၊ ဗီဒီယိုဖိုင်၊ ဒေသခံပြောကြားချက်များ တစ်စုံတစ်ရာ မတွေ့ရှိရပါ။
သုံးသပ်ချက်
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲပြင်းထန်နေသည့် နောင်ချိုမြို့ကို စစ်ကောင်စီမှ လေကြောင်းဗုံးကြဲခြင်းကြောင့် နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်မှာ သတင်းမှန် ဖြစ်ပါသည်။
သို့သော် နောင်ချိုမြို့တွင် စစ်ကောင်စီစစ်မှုထမ်းဟောင်းများနှင့် NLD ထောက်ခံသူတို့၏ နေအိမ် အလုံး (၃၀) ကျော်ကို တအာင်းတပ်မတော် – TNLA မှ မီးရှို့ဖျက်ဆီးခဲ့ဆိုသည့် အကြောင်းအရာမှာ သတင်းအမှား ဖြစ်ပါသည်။ နောင်ချိုမြို့တွင် တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးမှုများသာရှိပြီး နေအိမ် အလုံး (၃၀) ကျော်မီးရှို့ခံရသည့် ဖြစ်စဉ်မှာ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းကို စစ်ဆေးတွေ့ရှိရပါသည်။
ထိုမီးရှို့ခံရခြင်းနှင့်ပတ်သက်၍ သတင်းအမှားဖော်ပြသူကိုယ်တိုင် သတင်းဓာတ်ပုံဖော်ပြထားခြင်းမရှိသလို၊ ဗီဒီယိုရုပ်သံများ၊ သတင်းဌာနဖော်ပြချက်များလည်း မတွေ့ရှိရပါ။
သတိပြုရန်
ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံ ပြု တိုက်တွန်းလိုပါသည်။
ထို့အပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်း လိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့ဘုတ် (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Fb- https://www.facebook.com/KhamSarNgor
#RedFlag # #FactCheck #Mis_Disinformation# #ခမ်းသားငေါဝ်း#