ခမ်းသားငေါဝ်း
ဇူလိူင် ၉၊ ၂၀၂၅

https://www.facebook.com/share/p/1AwMUYgQDy/

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊ အင်းလေးကန် မိုင်းသောက် တံတား ပြုပြင်ခြင်း လုပ်ငန်း ၇၅ ရာခိုင်နှုန်းကျော် ပြီးစီး ပြီဖြစ်ကြောင်း မိုင်းသောက် ဒေသခံထံမှ သိရသည်။

ရေဘေး ငလျှင်ဘေးကြောင့်ပျက်သွားသည့် မိုင်းသောက်တံတားကို၂၀၂၅ ခုနှစ် ဇွန်လမှ စ၍ ပြုပြင်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်ခြင်း ဖြစ်ပြီး ဇူလိုင်လတွင် ပြုပြင်ခြင်းလုပ်ငန်း ပြီးခါနီး အခြေ အနေ ရှိကြောင်း သိရသည်။

“ ဆွေးနေတဲ့ တိုင်လုံးတွေကို ပြန်လဲဖို့ အတွက် ထပ်မံ တင်ပြထားတာရှိပါတယ်။ ပထမ အသုတ် ချပေးတဲ့ အလှူငွေနဲ့ ပြုပြင်လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးပါပြီ။ အင်းလေးဘက်မှာရှိတဲ့ နားနေဆောင် တစ်ဆောင်က ရေဘေးငလျင်ဘေးမှာ ပြိုကျ ပျက်စီးသွားပါတယ်။ နောက်ပြီး အောက်ခံဆင့်ခံတုံးတွေလည်း ပျက်စီးနေတာအကုန် လဲပြီးပြုပြင်ရပါတယ်။ အခင်းပြားတွေ တိုင်တွေ ကိုလဲရတယ်။ ဆွေးနေတဲ့ တိုင်တွေ လဲဖို့လဲ တင်ပြထားတယ်။”ဟု မိုင်းသောက် ဒေသခံ တစ်ဦးကဆိုသည်။

မိုင်းသောက်တံတား ပြုပြင်ခြင်း လုပ်ငန်းအတွက်ပင်းတယ မီးအိမ်ရှင်ဒေါက်တာ သန်းမင်းထွဋ်နှင့် အလှူရှင်များမှ ငွေကျပ်သိန်း ၃၆၀ ကျော် ကုန်ကျ စရိတ် လျာထားခြင်း ဖြစ်ကာ၊ ပထမ တစ်သုတ် ကုန်ကျစရိတ် ငွေကျပ် သိန်း ၁၆၀ ကျော် ဖြင့် ပြုပြင်ဆောင်ရွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ပင်းတယ မီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် သည် အင်းလေးကန်အတွင်းရှိ ရေဘေးနှင့် ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော နေအိမ်များကို ပြန်လည် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် နေအိမ်များ အလှူပေးခဲ့သေးကြောင်း သိရသည်။

မိုင်းသောက် တံတားကို သံယောဇဉ်တံတားဟုလည်း ခေါ်ဆိုပြီး တံတားအရှည် ပေ ၁၅၀၀ ရှိကာ၊ တိုင်လုံးပေါင်း ၅၂၈ လုံး၊ နားနေဆောင် ၅ ဆောင် ပါဝင်သည်။

တောင်တန်း နောက်ခံ ရှုခင်း ၊ အင်းလေးကန် နှင့် မိုင်းသောက် တံတား ရှုခင်း အလှတွင် နေဝင်ချိန် အင်မတန် လှပသဖြင့် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်ကြလေ့ ရှိသော နေရာတစ်နေရာလည်း ဖြစ်သည်။

မိုင်းသောက်တံတားကို ၂၀၀၀ ခုနှစ်တွင် Inle Princess Resort ဟိုတယ်ပိုင်ရှင် ဖြစ်သူ ဦးအုန်းမောင် နှင့် Planetwheeler Foundation မှ နိုင်ငံခြားသားများ ပူးပေါင်း၍ (၁၀-၃-၂၀၀၀) ရက်နေ့က Friendship Bridge အမည်ဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

#PPV-006
#social
#မိုင်းသောက်တံတား
#ပြုပြင်
#အင်းလေး

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home