ခမ်းသားငေါဝ်း
ဇူလိုင် ၄ ၊ ၂၀၂၅
https://www.facebook.com/share/p/16x7KYhKSf/
တောင်ကြီးမြို့ ပါမိုးနဲ သုဿန်ကို ရပ်ကွက်ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးမှူးတို့က ကုမ္ပဏီထံရောင်းချပြီး ဈေးပြုလုပ်ရန်စီစဥ်ခြင်းကို ရပ်ကွက်ရှိ နယ်မြေ ၆ ခုက ပြည်သူများသဘောမတူ ဝေဖန်ပြောဆိုမှုများ ရှိနေကြောင်း ဒေသခံထံသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ဘုရားဖြူရပ်ကွက် ပါမိုးနဲသုဿန်ကို Ocean center ပိုင် သီဟကုမ္ပဏီက ပြည်သူလူထု သဘောထားမတူပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေမှူးများထံ ဝယ်ယူပြီး အာဏာရှင်ဆန်ဆန် ဈေးတည်ဆောက်ရန်ပြင်ဆင် နေကြောင်း ဒေသခံများထံသိရသည်။
‘’သူတို့က စစ်တပ်နဲ့ပေါင်းပြီး လုပ်ချင်တာလုပ်တယ်၊ ပြည်သူတွေက ဘာမှပြောပိုင်ခွင့်မရှိဘူး၊ အခုသင်္ချိုင်းမြေရောင်းပြီး နယ်မြေတစ်ခုကို ငွေသိန်း(၇၀၀) ပေးတယ်၊ သူတို့ရောင်းပြီးပြီ၊ ထပ်ပြီးမသင်္ဂြိုလ်ဖို့လည်း ပြောထားတယ်၊ ဈေးလည်း ရွှေ့လာပြီ၊ အာဏာရှင်ဆန်ဆန်ပဲလုပ်ကြတယ်” ဟု ဘုရားဖြူရပ်ကွက်နေ ပြည်သူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ပါမိုးနဲသုဿန်သည် ဘိုးဘွားလက်ထက်ကတည်းက တည်ရှိလာခြင်းဖြစ်ပြီး ဘုရားဖြူရပ်ကွက်ရှိ နယ်မြေ(၃) ယခင် ထီသိမ်ရွေးမြောက်ရွာ၊ နယ်မြေ(၁) ယခင် ရွာသစ်ကုန်းရွာ၊ နယ်မြေ(၂) ယခင်ထီသိမ်ရွေးတောင်ရွာ၊ နယ်(၄) ယခင် ပါမိုးနဲ လွယ်ခမ်းရွာ၊ နယ်မြေ(၅) ယခင် ဘုရားဖြူရွာနှင့် နယ်မြေ(၆) ယခင် သြတချောင်းရွာ တို့အများပိုင် မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြသည့် သုဿာန်ဖြစ်သည်။
ခေတ်အဆက်ဆက် အုပ်ချုပ်ရေးမှုးနှင့် အာဏာပိုင်များကထိုသင်္ချိုင်းမြေကို ရောင်းချရန်ကြိုးစားသော်လည်း ရဟန်းသံဃာနှင့် ပြည်သူများက သဘောမတူသည့်အတွက် ရောင်းချနိုင်ခြင်းမရှိပဲ လက်ရှိ စစ်တပ်အာဏာ သိမ်းမှုကို အခွင့်ကောင်း ယူပြီးရောင်းချ ဈေးစီမံကိန်းပြုလုပ်ရန်ကြိုးစားနေကြောင်း သိရသည်။
အခြားဒေသခံတစ်ဦးကလည်း‘’လာမယ့်(၁၀) လပိုင်းဆိုရင် ရွေ့တော့မယ်ကြားတယ်၊ Ocean center နှင့် တိုင်းမှူးပေါင်းပြီး ဝယ်ထားတာလို့ တော့ကြားတယ်”ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ခမ်းသားငေါဝ်းက ဘုရားဖြူရပ်ကွက်အုပ်ချုပ်ရေးမှူးဥက္ကဌ ခွန်ညွန့်မောင်ကို မေးမြန်းရာ သင်္ချိုင်း(သုဿန်)မြေ မရောင်းရဘူးလို့ ပြောဆိုသည်။
‘’အဲတာက အစိုးရဈေးလုပ်ဖို့ပြောထားတာ ကျနော်မရောင်းပါဘူး၊ အဲဒီသင်္ချိုင်းမြေအစားကို သူတို့ပြန်ဝယ်ပြီး မီးလောင်တိုက်တွေလုပ်ပြီးတော့ ခုသင်္ချိုင်းမြေနေရာကို သူတို့ဈေးလုပ်ဖို့ဖြစ်တယ်အဲလိုပုံစံပါ ရောင်းတာမဟုတ်ဘူး၊ စာတွေလည်းတရားဝင်ထုတ်တာမျိုး မရှိသေးဘူး၊ လောလောဆယ် သင်္ဂြိုလ်လို့ရသေးတယ်၊ မီးလောင် တိုက်ပြီးမှ ရွေ့လို့ရမယ်လေ၊” ဟု ခွန်ညွန့်မောင်က ခမ်းသားငေါဝ်းကို ပြောသည်။
လက်ရှိ နယ်မြေ ၆ ခုအတွက် သုဿာန်ကို ထီသိမ်ရွာမြောက်ဘက် ဘုရားဖြူနယ်မြေ ၈၊၉၊၁၀ သင်္ချိုင်း (သုဿာန်) အနီးကပ်ရက်နေရာတွင် အစားထိုးဝယ်ပြီး မီးလောင်တိုက် (မီးသင်္ဂြိလ်စက်) တည်ဆောက်ပေးသွားမည်ဟုသိရသည်။
‘’ဒီဈေးလုပ်ဖို့က သီဟကုမ္ပဏီကလုပ်မှာ ဒါပေမယ့်ခွင့်ပြုချက်မကျသေးဘူး၊ ဒါကအစိုးရနဲ့ဆိုင်သွားတာပေါ့၊ ဘယ်သူဘယ်လိုလုပ်မှန်းတောင်မသိဘူး ခွင့်ပြုချက်မကျသေးဘူးလေ၊ ဒါပေမယ့် သင်္ချိုင်းမြေအစားထိုးတော့ ရှားထားပြီ မီးလောင်တိုက်ဆောက်ဖို့မြေနေရာသွားကြည့်တာတော့ကျနော်လည်းပါတယ်” ဟု ဘုရားဖြူအုပ်ချုပ်ရေးမှူး ခွန်ညွန့်မောင်က ပြောသည်။
ပါမိုးနဲ သင်္ချိုင်းမြေနေရာကို ဈေးဆောက်လုပ်ရန် ရပ်ကွက်နယ်မြေမှူးများကိုရပ်ကွက်ရုံးသို့ ခေါ်ယူတွေ့ဆုံခြင်းသာရှိသော်လည်း ပြည်သူလူထုဆန္ဒခံယူခြင်းလည်းမရှိပဲ၊ ရာအိမ်မှူများကလည်း ကိုယ်ကျိုးအတွက် အသုံးပြုသူက များနေကြောင်း ရပ်ကွက်နေပြည်သူကပြောသည်။
ယခင် ဘုရားဖြူနယ်မြေ(၂) ရေကန်ဘေးက ဘုရားဖြူဈေးကို လက်ရှိပါမိုးနဲ့ သုဿာန်အနီး လမ်းမပေါ်တွင်ပြောင်း ရွှေ့ထားခိုင်းပြီဖြစ်ကြောင်း သိရသည်။
လက်ရှိ တောင်ကြီးမြို့ပေါ်တွင် မြို့မဈေး၊ စဝ်စံထွန်းဈေး၊ အမှတ်(၅) ဈေးသည် အများပြည်သူအတွက် အသုံးပြုလွယ်ကူကြသော်လည်း ကုန်စိမ်းဈေး (၅) ရက်တစ်ခါဈေးနေ့ကို ရပ်ကွက်တွင်ထားရှိကြကြောင်းသိရသည်။
#ppv002
#Humanright
#ပါမိုးနဲ့
#သင်္ချိုင်းမြေ
#စျေးဆောက်ရန်ပြင်ဆင်
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်