ခမ်းသားငေါဝ်း
ဇွန်လ ၂၇၊ ၂၀၂၅
https://www.facebook.com/share/p/16WSAgvNRy/
ပအိုဝ်းဒေသအတွင်းရှိ အမျိုးသမီးနှင့် ကလေးများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် တရားမျှတမှုရရှိရေးအကောင်ထည်ဖော် ဆောင်ရွက် သွားမည်ဟု ပအိုဝ်းအမျိုးသမီးသမဂ္ဂ PWU ကဆိုသည်။
” ပအိုဝ်းဒေသတွေမှာ အမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ကြုံတွေ့နေရတာရှိတယ်၊ အထူးသဖြင့် စစ်ဆေးရေးဂိတ်တွေမှာ မိန်းခလေးဖုန်းနံပါတ်တောင်းတာ၊ နေခဲ့ ဆိုပြီး စနောက်သလိုပြောတာတွေ ရှိတယ်၊ အွန်လိုင်းပေါ်ကနေလိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေအပြင် မုဒိမ်းမှုတွေ ရှိတယ်၊ အဲ့ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို PWU မှ မှတ်တမ်းတင်တာတွေပြုလုပ်ပြီး အခြားအဖွဲ့အစည်းကိုပေးပို့တာတွေ၊ လူ့အခွင့်အရေးဆိုင်ရာ အသိပေးတာတွေ လုပ်ဆောင်နေပါတယ်” ဟု PWU အတွင်းရေးမှူး နန်းကြယ်စင်က ခမ်းသားငေါဝ်းကိုပြောသည်။
ပအိုဝ်းအမျိုးသမီးသမဂ္ဂPWU အဖွဲ့၏အလုပ် အမှုဆောင်သစ် ပြန်လည်ရွေးချယ်ရန် အဌမအကြိမ် ညီလာခံ ကို ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့တွင် ကျင်းပခဲ့သည်။
အဆိုပါညီလာခံတွင် (၁) အမျိုးသမီး နှင့်ကလေး သူငယ်များအပေါ် ကျူးလွန်နေသောလူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တရားမျှတမှုရရှိရေး (၂) နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချသည့် ကဏ္ဍတိုင်းတွင် ပအိုဝ်းအမျိုးသမီးများအဓိပ္ပါယ်ပြည်ဝစွာနှင့်လုံလောက်စွာ ကိုယ်စားပြုပါဝင်လာရေး (၃) ပအိုဝ်းလူထုများအခွင့်အရေးအပြည့်အဝရရှိရေး၊လူမျိုးစုတန်းတူရေးနှင့်ကိုယ်ပိုင်ပြငှာန်းခွင့် အခွင့်အရေးရရှိရေး (၄) အမျိုးသမီးလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ လူ့အခွင့်အရေးတက်ကြွလုပ်ရှားသူများနှင့် စစ်ဘေးရှောင်ပြည်သူများမှ လူသားချင်းစာနာထောက်ထားမှုအကူအညီရရှိရေး (၅) လူထုအသိုင်းအဝိုင်းတွင် ငြိမ်းချမ်းစွာအတူယှဥ်တွဲ နေထိုင်ရေး အတွက်စွမ်းရည်မြှင့်တင်ခြင်း၊ အသိပညာပေးခြင်းနှင့် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရားမျှတမှုဖော်ဆောင်ရာတွင် လည်း အခက်အခဲများစွာကြုံတွေ့နေရကြောင်းသိရသည်။
” အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေက စစ်ရှောင်နေရတဲ့ အနေအထားတွေရှိတော့ ဆက်သွယ်ပြီးလုပ်ဆောင်ဖို့ခက်တာတွေ၊ မြေပြင်လုံခြုံရေးအခြေအနေတွေအရ သွားလာဖို့ ခက်တာတွေ၊ ဓလေ့ထုံးတမ်းနဲ့ တရားမျှတမှုကို ဖြေရှင်းတဲ့အချိန်မှာ လက်နက်ကိုင်တွေနဲ့ ထိပ်တိုက်တွေ့ရတော့ လုံခြုံရေးကိုပဲ သတိထားနေရတာတွေရှိတယ်၊ တရားမျှတမှုရဖို့အတွက်ကတော့ အတော်လေးအလှမ်းဝေးနေပါသေးတယ်၊ ဆက်လက်ကြိုးစားပြီး ပူးပေါင်း လုပ်ဆောင်သွားရမယ်” ဟု ၎င်း ကဆက်ပြောသည်။
လက်ရှိတွင် PWU အနေဖြင့် အကြမ်းဖက်ခံရသောအမျိုးသမီးများ၏ လုံခြုံရေးအတွက် သွားလာရွေ့ပြောင်းသည့်စရိတ်၊ ခေတ္တတည်းခိုခစရိတ်၊ နေအိမ်ငှားရမ်းခများကူညီနေသည့်အပြင် ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာကျန်းမာရေးများအတွက် ကူညီပေးခြင်းများ လုပ်ဆောင်ပေးနေကြောင်းသိရသည်။
#PPV 003
#PWU
#အမျိုးသမီး
#အခွင့်အရေး
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်