၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့
ဖက်ဒရယ်FM/ ခမ်းသားငေါဝ်း/ MFCN/ The Red Flag
Fact Check – အချက်လက် စစ်ဆေးခြင်း
ရှမ်းပြည်နယ် တောင်ပိုင်း – ကရင်နီနယ်စပ် ဖယ်ခုံမြို့အင်းအရှေ့ဘက်ခြမ်းကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ဇွန်လ ၂၃ ရက်နေ့ ဆောင်နန်းခဲကျေးရွာမှာ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ဆောင်နန်းခဲကျေးရွာရှိ ပြည်သူ့နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရပါသည်။
PNO ပြည်သူ့စစ်၏ ဝါဒဖြန့်လော်ဘီအုပ်စုနှင့် စစ်ကောင်စီတယ်လီဂရန်ချန်နယ်အုပ်စုတို့၏ ဖြန့်ဝေမှုတွင် ထိုမီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များသည် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ဖြန့်ဝေထားပါသည်။
ဖြန့်ဝေထားသည့်အကြောင်းအရာမှာ “ဆောင်နန်းခဲကျေးရွာကို စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့ ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး လွယ်ပေါကျေးရွာ၊ နမ်းပေါလုံကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း” ကို ပအိုဝ်းဘာသာအပြင် မြန်မာဘာသာတို့ဖြင့် ရေးသားဖြန့်ဝေထားပါသည်။
ထိုအကြောင်းအရာကို စစ်ကောင်စီ တယ်လီဂရမ်ချန်နယ် ဖြစ်သည့် “မှိုင်းဝေ”၊ PNO ပြည်သူ့စစ်၏ ဝါဒဖြန့်လော်ဘီအုပ်စုဖြစ်သည့် “မောင်းမွူးခံ”၊ “အထူးဒေသ၆-ခမ်းသားငေါဝ်း” ဖေ့ဘွတ်စ်အကောင့်မှ မျှဝေထားခြင်းဖြစ်ပြီး မြန်မာ့အချက်အလက်စစ်ဆေးရေးအဖွဲ့မှ အချက်အလက်စစ်ဆေးနေချိန်၌ ရီအက်ရှင် ပေးသူ (၄၀၀)ဦးကျော်၊ မှတ်ချက်ပေးသူ (၅၀)ကျော်နှင့် ထပ်ဆင့်ဖြန့်ဝေသူ (၉၂)ဦးအထိရှိနေပြီး အခြားလူမှုကွန်ယက်အကောင့်များလည်း ဖြန့်ဝေနေသည့်အတွက် ပျံနှံမှုများနေပါသည်။
ဖြန့်ဝေသည့် လင့် – https://archive.ph/fMLFC
ဖြန့်ဝေသည့် လင့် – https://archive.ph/gUphz
ဖြန့်ဝေသည့် လင့် – https://archive.ph/FpMgW
၎င်းထိုဖြန့်ဝေထားသည့် အကြောင်းအရာကို Myanmar Fact- Checking Network (MFCN) အဖွဲ့ဝင်ဖြစ်သည့် ဖက်ဒရယ် FMနှင့် ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးရေးအဖွဲ့တို့မှ ပူးပေါင်းစိစစ်ကြည့်သည့်အခါ စွပ်စွဲရေးသားထားသည့် သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သတင်းစိစစ်ချက်
ဖယ်ခုံမြို့ အင်းအရှေ့ဘက်ခြမ်းရှိ ဆောင်းနန်းခဲကျေးရွာ ပြည်သူ့နေအိမ် မီးရှို့ခံရမှုနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသည့် ဒေသတွင်း သတင်းမီဒီယာများနှင့် နိုင်ငံတကာ သတင်းဌာန တို့၏ ဖော်ပြချက်များကို အတည်ပြု စစ်ဆေးခဲ့ပါသည်။
ဒေသတွင်း သတင်းဌာန ဖြစ်သည့် Karenni People’s Voice၊ Kantarawaddy Times၊ အင်းလေးလူထုလှုပ်ရှားမှု၊ မဲခေါင်သတင်း ဌာနတို့၏ ဖော်ပြချက်များတွင် ရှမ်း- ကရင်နီ နယ်စပ်၊ ဖယ်ခုံအင်းအရှေ့ဘက်ခြမ်း ဆောင်နန်းခဲရွာကို စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့မှ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ စကားသံများနှင့်အတူ ဖော်ပြထားပါသည်။ ၂၀၂၅ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီဘက်မှ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများပစ်၍ စစ်ကြောင်းထိုးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့် မြေပြင်တိုက်ပွဲ ဖြစ်ပွားကာ အင်အားကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ဆုတ်ခွာပေးခဲ့ရပါသည်။ ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ရွာထဲ ဝင်လာသည့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က အိမ်ခြေ ၆၀ ဝန်ကျင်ရှိသည့် ဆောင်နန်းခဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၂၀၂၅ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ဒေသတွင်းသတင်းဌာနများမှ ဖော်ပြထားပါသည်။
Karenni People’s Voice သတင်းလင့် – https://shorturl.at/AttKK
Kantarawaddy Times သတင်းလင့် – https://shorturl.at/8SmHS
မဲခေါင်သတင်း လင့် – https://shorturl.at/eqa3p
အင်းလေးလူထုလှုပ်ရှားမှု လင့် – https://shorturl.at/jpAf2
ထို့အတူ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့မှ စစ်ကြောင်းထိုးလာခဲ့ပြီး ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း စံကားကျေးရွာတွင် တိမ်းရှောင်နေရသည့် ဒေသခံအမျိုးသားတစ်ဦးမှ ဖက်ဒရယ် FM ထံ ပြောဆိုထားပါသည်။ “တစ်ရွာလုံး ကုန်သွားတယ် ပြောတယ်။ ပြန်ရင်တောင် နေစရာအိမ် ရှိဦးမလား မသိဘူး။ အစက တပ်စွဲရုံလောက်ပဲ ထင်တာ။ မီးပါ ရှို့သွားတယ်” လို့ ၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ပြောဆိုထားပါသည်။
ဖက်ဒရယ် FM သတင်းလင့် – https://shorturl.at/Bq4Tn
နောက်ထပ်ဒေသခံတစ်ဦးသည်လည်း ဆောင်နန်ခဲကျေးရွာကို စစ်ကောင်စီ နှင့် PNO ပူးပေါင်းစစ်ကြောင်းတို့ ဝင်ရောက်လာပြီး မီးရှို့လိုက်ကြောင်းကို ” မနေ့က ရှို့လိုက်တာပါ၊ အိမ်ခြေတော်တော်များမီးလောင်သွားပါတယ်၊ တစ်ရွာလုံးနီးပါးပါပဲ၊ အဲ့ကောင်တွေက သူတို့ဝင်တဲ့ရွာတိုင်းကိုမီးရှို့နေတာ ” ဟု သတင်းရင်းမြစ်တစ်ဦးက ၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ခမ်းသားငေါဝ်းကိုပြောပါသည်။
ခမ်းသားငေါဝ်း သတင်း လင့် – https://shorturl.at/2Ex9a
ဧရာဝတီ သတင်းဌာန၏ ဖော်ပြချက်တွင်မှာလည်း ဆောင်နန်းခဲ တစ်ရွာလုံးကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့မှ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံနှင့် တော်လှန်ရေးရဲဘော်တို့၏ ပြောကြားချက်ကို ဖော်ပြထားပါသည်။ ထို့အပြင် အွန်လိုင်းပေါ်တွင် ပျံနှံနေသော ရုပ်သံဖိုင်တွင်လည်း PNO ပြည်သူ့စစ်မှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းကို ၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ဖော်ပြထားပါသည်။
ဧရာဝတီ သတင်း လင့် – https://shorturl.at/mg2pM
ထို့ပြင် ထိုင်းနိုင်ငံ၏ သတင်းဌာနဖြစ်သည့် The Nation Thailand နှင့် Amarin News တို့၏ ဖော်ပြချက်တွင်မှာလည်း မြန်မာစစ်တပ်မှ လေကြောင်းဗုံးကြဲမှုများကြောင့် လူနေအိမ်များ ဘုန်းတော်ကြီးကျောင်းများ ထိခိုက်စေခဲ့ပြီး ဖယ်ခုံ အင်းအရှေ့ဘက်ကမ်းရှိ ကျေးရွာများကို မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းကို ဖော်ပြထားပြီး ထိုတိုက်ပွဲကြောင့် ဒေသခံများ (၁၅,၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်းကို ၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ဖော်ပြထားပါသည်။
The Nation Thailand သတင်းလင့် – https://shorturl.at/msRaT
Amarin News သတင်းလင့် – https://shorturl.at/anL3t
သုံးသပ်ချက်
ရှမ်းပြည်နယ်တောင်ပိုင်း ကရင်နီနယ်စပ် ဖယ်ခုံအင်း အရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲကျေးရွာ ပြည်သူ့နေအိမ် မီးရှို့ဖျက်ဆီးခံခဲ့ရသည်မှာ သတင်းအမှန်ဖြစ်ပါသည်။
ထိုပြည်သူ့နေအိမ်များကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် တို့မှ ၂၀၂၅ ခုနှစ် ဇွန်လ ၂၄ ရက် ညနေပိုင်းအချိန်တွင် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်စိတ်ချရသည့် သတင်းဌာနများ၏ ဖော်ပြချက်နှင့် ဒေသခံများ၏ ပြောကြားချက်များကို စစ်ဆေးတွေ့ရှိရပါသည်။
ထို့ကြောင့် စစ်ကောင်စီ၏ လော်ဘီနှင့် PNO ပြည်သူ့စစ် ဝါဒဖြန့်ဝေသူများ ဖြန့်ဝေထားသည့် ဆောင်နန်းခဲကျေးရွာရှိ ပြည်သူ့နေအိမ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ မီးရှို့ဖျက်ဆီးသွားခဲ့ဆိုသည့် အကြောင်းအရာမှာ စွပ်စွဲရေးသားထားသော သတင်းအမှား ဖြစ်ပါသည်။
PNO ပြည်သူ့စစ်တို့သည် ပအိုဝ်းဒေသအတွင်း ပြည်သူ့နေအိမ်မီးရှို့ခြင်း၊ အပြစ်မဲ့ ပြည်သူသတ်ဖြတ်ခြင်းနှင့် ပြည်သူ့ပိုင်ပစ္စည်းများ ခိုးယူခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုကို လုပ်ဆောင်နေယုံ သာမက စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ကာကွယ်ပြောဆိုလျက်ရှိနေပါသည်။ ထိုသို့ကာကွယ်ပေးလိုရန်အတွက် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အခြားဆန့်ကျင်ဘက်အဖွဲ့အစည်းများသို့ လွဲချ စွပ်စွဲပြောဆို့လေ့ရှိကြောင်းကို ယခင် MFCN မှ အချက်အလက်စစ်ဆေးထားသည့် အကြောင်းအရာအချို့ကို ဖတ်ရှု့နိုင်ပါသည်။
ယခင် လင့် – https://shorturl.at/25n7P
ယခင် လင့် – https://shorturl.at/hutgl
ယခင် လင့် – https://shorturl.at/XE10W
ယခင်လင့် – https://shorturl.at/YfrDq
သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။
ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့ဘုတ် (facebook page) နှင့် Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
Fb- https://www.facebook.com/KhamSarNgor
#MFCN #RedFlag # #FactCheck #Mis_Disinformation# #ခမ်းသားငေါဝ်း#ဖက်ဒရယ်FM#