ခမ်းသားငေါဝ်း
ဇွန်လ၂၃၊ ၂၀၂၅

https://www.facebook.com/share/p/19DqrmsctW/

စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် တောင်ကြီးမြို့နယ်တွင် အလုပ်လုပ်မည့်လူငယ် လုပ်သားအရင်းမြစ်နည်းပါးလာကြောင်း ရပ်ကွက်နေ ပြည်သူများထံသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးနှင့် အေးသာယာမြို့တွင် စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် လူငယ်များ စစ်မှုထမ်း မဲနိုက်ရခြင်း၊ ပေါ်တာဆွဲခံရခြင်းနှင့် စစ်မှုမထမ်းလို၍အခြားသို့ထွက်သွားရခြင်းများကြုံတွေ့ခဲ့ရသည်။

“ အခု အလုပ်ကြမ်း လူကြမ်းတောင် တစ်ရက် နှစ်သောင်းခွဲ ရတယ်။ ဆရာစား သုံးသောင်း ရတာတောင် လုပ်မယ့် သူက မရှိဘူး ဖြစ်နေတယ်။ အရင်ကလို ပေါပေါပဲပဲ လုပ်မယ့် လူတွေ လိုက်ရှာလို့တောင် မရတော့ဘူး။ နောက်ပြီး ရပ်ကွက်ထဲ လူငယ်တွေလည်း မတွေ့ရသလောက် နည်းသွားတယ်။ ”
ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။

စစ်မှုထမ်း အသက်သွင်းသော တစ်နှစ်ကျော်ကာလ အတွင်း လူငယ်ပေါင်း ငါးသောင်းကျော် တို့သည် စစ်မှုထမ်း စုဆောင်းခြင်း ခံလိုက်ရကြောင်း သိရသည်။

အချို့မှာ ရှေ့တန်းသို့ အတင်းအကြပ် စေလွှတ်ခံရခြင်း ရှိသလို ၊ ရက်တို စစ်သင်တန်း ပေးကာ စစ်တိုက်ခိုင်းခြင်းများလည်း ရှိနေကြောင်း ကြား သိရသည်။ စစ်မှုထမ်း စုဆောင်းခံရသူမှာ တစ်ဝက်ကျော် ရှိကာ ၊ တချို့မှာ ငွေကြေးဖြင့် လဲလှယ်၍ စစ်မှုထမ်း လိုက်ခြင်းလည်း ရှိကြောင်း ၊ ဆန္ဒအရ လိုက်ပါသူ နည်းကြောင်း နီးစပ်သူ ထံမှ ကြား သိရသည်။

လုပ်ငန်းရှင် တစ်ဦးကလည်း“ ယာဉ်မောင်းတွေ၊ ဆောက်လုပ်ရေး လုပ်သားတွေ ၊ လခစား ဝန်ထမ်းတွေ ကျွမ်းကျင်ပညာရှင်တွေ အရင်ကထက် ၃၀ ရာခိုင်နှုန်းလောက်ကို လျော့သွားတယ်။ နောက်ပိုင်း လုပ်အား လိုအပ်ချက်များလာပြီး စျေးကွက်ထဲမှာ လုပ်အားခ မြင့်တက်တာတွေ ဖြစ်လာနိုင်တယ်။ ”ဟု ဆိုသည်။

လူငယ် အများစု တို့သည် လက်နက်ကိုင် တပ်ဖွဲ့များ၏ စစ်သားအဖြစ် စုဆောင်းခြင်းခံရခြင်းကို ရှောင်ရှားလိုကြပြီး ၊ လူငယ်ဘ၀ကို လွတ်လပ်စွာဖြင့် ဖြတ်သန်းလိုကြောင်း လူငယ် တစ်ဦးကလည်း ရင်ဖွင့် ပြောဆိုထားသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြဌာန်းလိုက်သော နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်း ရမည့် ဥပဒေအရ အသက် ၁၈ နှစ် မှ ၃၅ နှစ် အကြား အမျိုးသားများ၊ အသက် ၁၈ နှစ်မှ ၂၅ နှစ် အကြား အမျိုးသမီးများ စစ်မှုထမ်းရမည် ဟု ဆိုကာ သတ်မှတ်ထားခြင်း ဖြစ်သည်။

ထိုဥပဒေ ထွက်လာပြီးနောက်ပိုင်းတွင် လူငယ် အများအပြား တို့သည် နိုင်ငံပြင်ပကို ထွက်ပြေး တိမ်းရှောင်ကြပြီး စစ်ကောင်စီက လူငယ်များ ပြည်ပ ထွက်ခွာခွင့်ကို တင်းကြပ်လိုက်သည်။

ထို့အပြင်ယခုနောက်ပိုင်းတွင် ပြည်ပ ရောက်ရှိနေသော လူငယ်များ ကိုလည်း ပြန်လည်ခေါ်ယူကာ စစ်မှုထမ်း ခိုင်းမည်ဟုလည်း သတင်းများ ထွက်ပေါ်နေပါသည်။

စစ်မှုထမ်း ဥပဒေ အသက်သွင်းချိန် တစ်နှစ် နှင့် လေးလ ရောက်ရှိလာချိန်တွင် ပြည်သူ့စစ်သင်တန်း အပတ်စဉ် (၁၄) အထိ ရောက်ရှိလာပြီ ဖြစ်ပြီး သင်တန်းဆင်းထားသူများ စစ်မြေပြင်ရှေ့တန်းတွင် အပို့ခံရကြောင်းသိရသည်။

#PPV-006
#Humanright
#လူငယ်
#လုပ်သားအရင်းမြစ်
#စစ်မှုထမ်းဥပဒေ

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home