ခမ်းသားငေါဝ်း
ဇွန်လ ၂၁၊ ၂၀၂၅
https://www.facebook.com/share/p/1A8VFuGyDe/
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အရှေ့ဘက် မြစေတီကျေးရွာနှင့် မြသိန်းတန်ကျေးရွာဘက်ကို စစ်ကောင်စီ စစ်ကြောင်းထိုးနေပြီး ပြည်သူများ ရှောင်တိမ်းနေကြရကြောင်း စုံစမ်း သိရှိရသည်။
ပြီးခဲ့သည့် ဇွန်လ (၁၂)ရက်နေ့မှစပြီး (၂၀)ရက်နေ့အထိ မြစေတီကျေးရွာနှင့် မြသိန်းတန်ကျေးရွာကို စစ်ကောင်စီ အင်အား (၆၀)ကျော် စစ်ကြောင်းထိုးနေပြီး အဆိုပါ ကျေးရွာများတွင် တပ်စွဲကာ ပြည်သူနေအိမ်များ၌ ဝင်ရောက်မွှေနှောက် ရှာဖွေနေသောကြောင့် ပြည်သူများ ရှောင်တိမ်းနေရကြောင်း ဒေသခံများက ပြောသည်။
“ခုကတော့ ရှောင်နေရတယ်။ဈေးလည်း ထွက်သုံးလို့မရဘူး။ စစ်တပ်က ရွာထဲမှာတပ်စွဲထားတော့ စားစရာလဲ သွားယူလို့မရဘူး။ ရှိတဲ့ အရွက်တွေနဲ့ ချက်ပြုတ်စားနေရတယ်။အိမ်ထဲတွေလည်း ဝင်မွှေသွားတယ်။သူတို့ တစ်ခုခုလုပ်မှာ အရမ်းကြောက်တယ်။” ဟု ဒေသခံ အမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
ထို့အပြင် စစ်တပ်က ရွာသားများကို ဖမ်းဆီးမှု၊ ရိုက်နှက်မှုများကို အတိကျ မသိရသေးကြောင်း ရွာသားတချို့သာ ရွာထဲကျန်ခဲ့ကြောင်း အဆိုပါ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇွန်လ (၁၁)ရက်နေ့က ထွေအုပ်ဝန်ထမ်း (၃)ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ယခုကဲ့သို့စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း DSNDAမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။
“ထွေအုပ် ဝန်ထမ်းသုံး ဦး အဖမ်းခံရတယ်လို့ သိရတယ်။ ကျနော်တို့ အဖွဲ့ကတော့ မဟုတ်ဘူး။ ဘယ်အဖွဲ့လဲ တော့မသိဘူး။ ဝန်ထမ်းသုံးဦး အဖမ်းခံရပြီး ခုလို မြစေတီနဲ့ မြသိန်းတန်ဖက်ကို စစ်ကြောင်းထိုးတော့တာပဲ။”ဟု ပြောသည်။
ယခုလက်ရှိရွာငံတွင် စစ်ကောင်စီတပ်များမှ လိုင်စင်မဲ့ ယာဉ်များကို ဖမ်းဆီးနေပြီး စစ်တပ်ဂိတ်များတွင်လည်း အစစ်ဆေးတင်းကြပ်နေသည်ဟု သိရသည်။
#PPV-008
#စစ်ကြောင်းထိုး
#ရွာငံ
#Humanright
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295