ခမ်းသားငေါဝ်း
ဇွန်လ ၂၁၊၂၀၂၅
မိုးဗြဲတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်းတော်လှန်ရေးရဲဘော်တစ်ဦးထံမှသိရသည်။
ရှမ်း- ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့အကြားတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ပြည်သူနေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေကြောင်းသိရသည်။
” ပြီးခဲ့ရက်ပိုင်းတုန်းကလည်း စစ်ကောင်စီက စစ်ကြောင်းထိုးလာတာရှိတယ်၊ တိုက်ပွဲအခြေအနေတော့ ထိတွေ့မှုတွေရှိနေတုန်းပါ၊ စစ်ကောင်စီကတော့ မြို့ထဲထိ နေရာယူလာတာတွေရှိတယ်၊ သူတို့ရှိတဲ့ အပိုင်းမှာ ပြည်သူအိမ်တွေကို မီးတွေရှို့နေတယ်၊ မီးခိုးငွေ့တွေတွေ့နေရပါတယ်၊ ဘယ်နှစ်လုံးလောင်သွားတယ်ဆိုတာကတော့ သွားကြည့်လို့မရသေးတော့ အတိအကျမသိရသေးပါဘူး” ဟု တော်လှန်ရေးရဲဘော်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
နှစ်ဖက်လုံးအတွက် စစ်ရေးအရအရေးပါသော မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစပြီး စစ်ကောင်စီက ထိုးစစ်ဆင်တိုက် ခိုက်မှုများ ပြုလုပ်နေရာ ယနေ့ချိန်ထိ တော်လှန်ရေးအင်အားစုများ နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။
” တိုက်ပွဲကတော့ ကြာလာတာနဲ့အမျှ ထိခိုက်ဆုံးရှူံးမှုတွေ များလာတယ်၊ စစ်ကောင်စီဖက်လည်း သေတာတွေများသလို ကျွန်တော်တို့ဖက်မှာလည်း ပေးဆပ်လိုက်ရတဲ့ရဲဘော်တွေများတယ်၊ မိုးဗြဲမြို့ကို စစ်ကောင်စီရသွားလို့မဖြစ်တဲ့အတွက် ကျွန်တော်တို့အကောင်းဆုံး ခုခံနေဆဲပါ” ဟု ၎င်း ကဆက်ပြောသည်။
လေးနှစ်တာတော်လှန်ရေးခရီးအတွင်း မိုးဗြဲ PDF တပ်ဖွဲ့မှ ရဲဘော် ၄၂ ဦးကျဆုံးသွားခဲ့ကြောင်း မိုးဗြဲ PDF က ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
#PPV 003
#Humanright
#မိုးဗွဲ
#နေအိမ်မီးရှို့
#တိုက်ပွဲ