1. ခမ်းသားငေါဝ်း
    ဇွန်လ ၂၁၊ ၂၀၂၅

 

တော်လှန်ရေးအောင်မြင်ရန် မတူညီသောအင်အားစု များအကြား ညီညွတ်ရန် လိုအပ်ကြောင်း မဟာမိတ်ခေါင်းဆောင်များက (BPLA)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်တန်းဆင်းပွဲမှာ အဓိကထားပြောကြားကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉)ဆင်းပွဲကို ဇွန်လ(၇)ရက်က တအောင်းပြည်တနေရာတွင် ကျင်းပခဲ့ကြောင်း ဖော်ပြထားသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ဒုဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော် (AA)မှ တပ်မှူးတဦး တို့ တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)မှ စစ်ဦးစီးချုပ်နှင့် အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ဒုဥက္ကဌနှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)ကွပ်ကဲရေးမှူးတို့လည်း တက်ရောက်ခဲ့ကြကြောင်း ဖော်ပြထားသည်။

သင်တန်းဆင်းပွဲမှာ မဟာမိတ်ခေါင်းဆောင်များသည် “တော်လှန်ရေးအောင်မြင်ရန် မတူညီသော အင်အားစုများအကြား ညီညွတ်ရေးလိုအပ်ကြောင်းနှင့် မိမိတို့ဟန်ချက်ညီပါက စစ်အာဏာ ရှင်စနစ်အမြန် အဆုံးသတ်မည် ဖြစ်ကြောင်း “အဓိကထား ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းအပြင် သင်တန်းကာလအတွင်း ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ဆုအသီးသီးပေးအပ်ချီးမြင့်ပြီး ထူးချွန်ဆုရရှိသူများတွင် (၁၀၂၇)စစ်ဆင်ရေးက မြင့်မြတ်စွာ အသက်ပေးခဲ့သော အာဇာနည်ရဲဘော် အောင်ပိုင်၏ ညီမဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

သင်တန်းဆင်းရဲဘော်များကို လက်နက်များ ပေးအပ်တပ်ဆင်ခဲ့ပြီး အမှတ်(၂၀၃)စစ်ဒေသအတွက် တပ်ရင်းသစ်တစ်ခုလည်း တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

#PPV0011
#နိုင်ငံရေး
#BPLA
#စစ်သင်တန်းဆင်း