ခမ်းသားငေါဝ်း
ဇွန်လ ၂၁၊ ၂၀၂၅
စစ်ကောင်စီထိန်းချုပ်သည့် မြို့များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပြန်လည်ထိုးနှံပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံမှာ (၂၀၂၅)ခုနှစ်အတွင်း ကိုဗစ်ပြန်လည်ဖြစ်ပွားနေမှုကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများကို ကိုဗစ်ကာကွယ်ဆေး ပြန်လည် ထိုးနှံပေးနေကြောင်း သိရသည်။
“အခုလမှာစပြီး ပြန်ထိုးပေးတယ်။ ဆေးထိုးပြီးရင် လက်မှတ်ထုတ်ပေးတယ်။ ကာကွယ်ဆေးသွားထိုးတဲ့အချိန် မှတ်ပုံတင်တော့ ယူသွားရမယ်။ ရုံးချိန်အတွင်း ထိုးပေးတယ်။အရင်ကထိုးထားလည်း (၁)နှစ်ကျော်ရင် ပြန်ထိုးပေးတယ်”ဟု ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောသည်။
နောက်ပိုင်း ခရီးသွားသည့်အခါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားကြောင်း လက်မှတ်ပြသရန် ပြန်လိုအပ်လာမည်ဟုယူဆကြောင်း ၎င်းကဆက်ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့မှာလည်း ဆေးရုံကြီးများသို့ အခမဲ့ ကာကွယ်ဆေးထိုးနှံပေးကြောင်း ဒေသခံထံမှ သိရသည်။
ဒေသခံပြည်သူတစ်ဦးက”အမျိုးသမီးနဲ့ ကလေးဆေးရုံမှာ အခမဲ့ထိုးပေးတယ်။ ကျွန်မတော့ ထိုးခဲ့ပြီးပြီ အရင်လို (၂)ကြိမ်ထိုးရတယ်”ဟု ခမ်းသားငေါဝ်းကို ပြောသည်။
မြန်မာနိုင်ငံတွင် ဇွန်လ(၁၅)ရက်အထိ Covid-19 ဓာတ်ခွဲအတည်ပြုလူနာ (၈၀)ကျော်အထိ ရှိပြီး ပိုးတွေ့နှုန်းမှာလည်း (၂.၂၈)ရာခိုင်နှုန်းရှိ၍ ပိုးတွေ့မှု မြင့်တက်လာကြောင်း စစ်ကောင်စီ၏ ကျန်မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် (၂၀၂၅)ခုနှစ်အတွင်း ကိုဗစ်-၁၉ကြောင့် သေဆုံးလူနာ(၁)ဦးရှိပြီ ဖြစ်ကြောင်း ဇွန်လ(၁၇)ရက်မှာ M-Rescue Magway ကထုတ်ပြန်ထားသည်။
#PPV0011
#covid
#ကာကွယ်စျေး