ခမ်းသားငေါဝ်း
ဇွန်လ ၁၆၊ ၂၀၂၅

https://www.facebook.com/share/p/16ebA8mtjW/

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ တပူးထိုကျေးရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဇွန်လ ၁၂ ရက်နေ့ညနေပိုင်းတွင် ရွာအား မီးရှို့ခဲ့ခြင်းဖြစ်ပြီး၊ ပြည်သူများ၏ နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မီးလောင်မှုသည် ဇွန် ၁၃ ရက်နေ့ညအထိ ဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါရွာတွင် PNO ပြည်သူ့စစ်တပ်များသည် ၄ လကျော်တပ်စွဲနေသည်ဟု ဒေသခံများက ပြောကြားသည်။

ထို့မတိုင်မီ ဇွန် ၇ ရက်နေ့တွင် ယင်းတပ်ဖွဲ့မှ တပူးထိုကျေးရွာအပါအဝင် ကျေးရွာအုပ်စု (၂)ခုမှ ဒေသခံများအား “ဇွန် ၁၅ ရက်နေ့နောက်ဆုံးထား၍ ရွာမှထွက်ခွာသွားရန်” ဟု စာဖြင့် မောင်းထုတ်ခဲ့ကြောင်း သိရသည်။

“ဟုတ်ပါတယ် ရွာသားတွေကို မောင်းထုတ်ပြီး မကြာဘူး သူတို့မီးရှို့လိုက်တယ်ပေါ့နော်။ ကံကောင်းတာက အဲ့ဒီညရှို့ပြီးတော့ နောက်ရက်လည်း မိုးရွာတော့ ရွာတွေကလည်း တစ်အိမ်တစ်အိမ် အရမ်းကပ်တဲ့ ဟာမျိုးမဟုတ်ဘူးပေါ့နော်။ အဲ့တော့ သက်သာသွားတယ်၊ မဟုတ်ရင် ရွာလုံးကျွတ်ပါသွားနိုင်တာမျိုးဖြစ်နိုင်တယ်။ ဒါက မိုးရွာတာက တစ်ဖက်၊ ပြီးတော့ အိမ်က အရမ်းမကပ်ကြတော့ မီးမကူးတာ တစ်ဖက်ပေါ့နော်။ အဲ့တာ ပြည်သူလူထုတွေရဲ့ နေအိမ် ၆ အိမ် မီးလောင်ပြာကြသွားတယ်” ဟု PNLA မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကို ပြောကြားသည်။

PNO ပြည်သူ့စစ်မှ မောင်းထုတ်ခံထားရသည့်ကျေးရွာများတွင် နောင်ကျောကျေးရွာအုပ်စုမှ တပူးထို၊ ကောင်ထို၊ လွယ်ငွန်း၊ နောင်ဗို၊ ပင်စက်၊ တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော် ၆ နှင့် ကလားလမ်ကျေးရွာတို့ဖြစ်ကြောင်း သိရသည်။

မောင်းထုတ်စာတွင် “သတ်မှတ်ထားသည့်ရက်စွဲအတွင်းထွက်ခွာရန် မဖြစ်မနေလိုအပ်” သည်ဟုဖော်ပြထားပြီး၊ မထွက်ခွါပါက တာဝန်ယူမည်မဟုတ် ဟုလည်း ရေးသားထားသည်။

လက်ရှိအချိန်အတွင်း မောင်းထုတ်ခံထားရသော ဒေသခံများအနေနှင့် တောထဲသို့ ထွက်ပြေးခိုလှုံနေရခြင်း၊ နေထိုင်မှုအခက်အခဲများနှင့်အတူ တောင်ယာလုပ်ငန်းများတွင်ပါဝင်၍ မရနိုင်သဖြင့် စားဝတ်နေရေးအတွက် အတော်ကြီး အခက်အခဲတွေကြုံတွေ့နေရကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်း စစ်ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများတွင် အစိုးရတပ်နှင့် ပူးပေါင်းတပ်များမှ များစွာသောရွာများအား မောင်းထုတ်၊ မီးရှို့ခြင်းဖြင့် ပြည်သူများ၏ ဘေးကင်းလုံခြုံခွင့်နှင့် လူသားသက်ရှိခွင့်များကို ချိုးဖောက်မှုများ ဖြစ်ပေါ်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့အစည်းများကလည်း ထောက်ပြထားသည်။

#ppv013
#humanright
#ထာပူထို
#နေအိမ်မီးရှို့ခံရ
#ဆီဆိုင်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295