ခမ်းသားငေါဝ်း
ဇွန်လ ၁၆၊ ၂၀၂၅
https://www.facebook.com/share/p/19DGCiCSi1/
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ဧကပေါင်းထောင်ကျော်သည် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်တွင် စိုက်ပျိုးရေးသည် သက်မွေးဝမ်းကြောင်းအဓိကဖြစ်ပြီး တောင်သူအများစုသည် လယ်ယာနှင့် ကျွန်းမျောစိုက်ခင်းများတွင် လုပ်ကိုင်ကြသည်။
အင်းလေးကန်အနီး အရှေ့ပတ်လမ်း၊ အနောက်ပတ်လမ်းနှင့် ရေပေါ်ကျေးရွာများရှိ သီးနှံစိုက်ခင်းများသည် ရေမြင့်တက်မှုကြောင့် အလုံးစုံပျက်စီးသွားကြောင်း သိရှိရသည်။
“အခုတစ်ခေါက် အကုန်လုံးပျက်တယ်။ ပြန်လည်ထူထောင် ဖို့တောင် မလွယ်တော့ဘူး။ အရင်ငလျင်တုန်းက ထောက်ပံ့ကြေးရတာ ၃ ပုံမှာ ၁ ပုံပဲရတယ်။ ဒီတစ်ခေါက်ကတော့ စပါးတွေ ခူးတောင် မခူးရသေးဘဲပဲ ရေမြုပ်ကုန်တယ်။ အပင်တွေလည်း ပျက်ကုန်ပြီ” ဟုမိုင်းသောက်မြို့နယ်မှ စိုက်တောင်သူတစ်ဦးကပြောသည်။
ဇွန်လ ၁၆ ရက်တွင် မိုးမရွာဘဲနေပူသော်လည်း တောင်ကျရေစီးဆင်းခြင်း ကြောင့် အင်းလေးကန်၌ တစ်ရက်လျှင် ၆ လက်မခန့် မြင့်တက်နေကြောင်း သိရသည်။
ဤသဘာဝဘေးအနှောင့်အယှက်များကြောင့် တောင်သူများသည် ထပ်မံစိုက်ပျိုးနိုင်ရေးအတွက် စိုးရိမ်မှုကြီးမားနေကြသည်။
တောင်သူအများစုသည် အလုပ်သမားရှားပါးမှုနှင့် ငွေကြေးပြတ်တောက်မှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန်ခက်ခဲနေကြပြီး၊ လက်ရှိအချိန်တွင် လယ်ယာလုပ်အားခတစ်နေ့လျှင် ငါးသောင်းကျပ်ရှိသော်လည်း လုပ်မည့်သူမရှိ ရှားပါးနေကြောင်းလည်း သိရသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ရေဘေး၊ ၂၀၂၅ ခုနှစ် မတ်လငလျင်ဘေးနှင့် ယခု ဇွန်လ ရေဘေးကြီးများကြောင့် စိုက်ပျိုးသီးနှံများအကြိမ်ကြိမ်ပျက်စီးပြီး တောင်သူများအတွက် စီးပွားရေးနှင့် စိတ်ပိုင်းဆိုင်ရာအကြိမ်ကြိမ်သက်ရောက်မှုဖြစ်စေသည့်အပြင် နောင်ထပ်မံစိုက်ပျိုးနိုင်မလားဆိုသည့် စိုးရိမ်မှုများလည်း တစ်စုံတစ်ရာ ဖြစ်ပေါ်နေသည်။
#ppv006
#စိုက်ပျိုးရေး
#သဘာဝဘေး
#ညောင်ရွှေမြို့နယ်
#သီးနှံပျက်စီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295