ခမ်းသားငေါဝ်း
ဇွန်လ၁၃၊ ၂၀၂၅

https://www.facebook.com/share/p/1DxBVFSdLh/

လားရှိုးမြို့၊မန်ဆူဘုရားရှေ့၊ Mobile Htike Lashio ဖုန်းအရောင်းဆိုင်ကို လူ(၅)ယောက်က သေနတ်ထောက်ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီပြန်လည် အုပ်ချုပ်နေသည့် ရှမ်းပြည် နယ်မြောက်ပိုင်း၊ လားရှိုးမြို့၌ ဇွန်လ(၁၂)ရက် နေ့လည်(၂)နာရီကျော်အချိန်မှာ Crown ကားအဖြူဖြင့် လာရောက်ကာ ဆိုင်အတွင်း ဓားပြတိုက်မှုဖြစ်ပွားပြီး ဖုန်းအားလုံးနှင့် ငွေသားများ ပါသွားကြောင်း ဒေသခံထံမှ သိရသည်။

“ပထမတော့ (၂)ယောက်အရင်လာပြီး ဖုန်းလာကြည့်သလို လုပ်ပြီး ခဏလာဝယ်မယ်ပြောပြီး ခဏကြာတော့ ကားအဖြူနဲ့ စုစုပေါင်း(၅)ယောက် လာတယ်။ ဆိုင်ထဲမှာ ရှိတဲ့သူတွေအားလုံးကို သေနတ်ထောက်ပြီး ရှိသမျှဖုန်း အသစ်၊ Second၊ ငွေသား အကုန် အိတ်ထဲထည့်သွားတယ်။ အဲ့ချိန်မှာ တခြားဝယ်သူနှင့် ဆိုင်ဝန်ထမ်း မိန်းကလေး(၄)ဦးကို သေနတ်ထောက်ပြီး အကုန်ယူသွားတာ။ လူဘာမှမဖြစ်တာကိုပဲ အဆိုးထဲက အကောင်းလို့ပဲ ပြောရမှာပေါ့ “ဟု ဖြစ်စဉ် သိရှိသူက ခမ်းသားငေါဝ်းကို ပြောသည်။

ဆိုင်အတွင်း တပ်ဆင်ထားသည့် CCTV Hard Diskကိုပါ ဖြုတ်သွားသောကြောင့် ယနေ့အထိ သတင်းအစအနရှာမရသေးကြောင်း သိရသည်။

ဓားပြတိုက်စဉ်တွင် ဆိုင်ပိုင်ရှင်က အလုပ်ကိစ္စဖြင့် မန္တလေးသွား အပြန်လမ်း၌ ဖြစ်နေပြီး ကိစ္စဖြစ်ဖြစ်ချင်း သက်ဆိုင်ရာများကို ဖုန်းဆက်အကြောင်းကြားကာ လာရောက် စစ်ဆေးခဲ့သော်လည်း မည်သည့်အစအနမျှ မရခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် ဓားပြတိုက်လုယက်မှု၊ ခိုးမှု မကြာခဏဆိုသလို ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင်လည်း မြို့ထဲ ကြံ့ခိုင်ရေးရုံးအနီးအမျိုးသားတစ်ယောက်ထံ သေနတ်ထောက်ဓားပြတိုက်ပြီး ဆိုင်ကယ် ဖုန်း လုယူသွားကြောင်း သိရသည်။

လားရှိုးမြို့ကို စစ်ကောင်စီပြန်လည် အုပ်ချုပ်ပြီးနောက် ခိုးဆိုးလုယက်၊ ဓားပြတိုက်မှုပေါင်းများစွာ ရှိနေသည့်အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများဖြေရှင်းပေးမှုမရှိ၍ ဒေသခံများအချင်းချင်းကြား သတိပေးနေထိုင်နေကြရကြောင်း ‌သိရသည်။

#PPV0011
#Humanright
#လားရှိုး
#ဓားပြတိုက်မှု

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295