ခမ်းသားငေါဝ်း
ဇွန်လ ၁၃၊ ၂၀၂၅
https://www.facebook.com/share/p/1GTf9CZh73/
မိုးအဆက်ပြတ်ရွာသွန်းမှုကြောင့် ဟိုပုံးမြို့ရှိ မြို့ဦးကွက်သစ်အတွင်း နေအိမ်(၄၀)ခန့် အိမ်အတွင်းရေဝင်ရောက်ခြင်းနှင့် အုတ်တံတိုင်းပြိုခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဇွန်လ(၁၂)ရက်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဟိုပုံး၊တောင်ကြီးမြို့၊ ရွှေညောင်၊ ညောင်ရွှေ၊ ကလော စသည့် မြို့ကြီးများမှာလည်း ရေကြီးမှု ဖြစ်ပွားကာ ဒေသခံအချို့ ဘုန်းကြီးကျောင်းအတွင်း ရေဘေးရှောင်နေကြကြောင်း သိရသည်။
“ဟုတ်တယ်ဗျ၊ ဟိုပုံးမှာလည်း အိမ်တော်တော်များများ ရေဝင် အခုတော့ သန့်ရှင်းရေး လုပ်နေကြရတယ်။ မိုးအစပိုင်းပဲရှိသေးတာ ဒါတောင် ဒီလောက်ရေကြီးတာ။ ဘာတွေပြင်ဆင်ရမလဲဆိုတာ အခုကတည်း ကြိုတင်လုပ်ထားရမယ်”ဟု ဒေသခံက ပြောသည်။
မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တောင်ကြီးမြို့ပေါ်တွင်လည်း ယနေ့နံနက်ပိုင်းအထိ တောင်ကျရေများ စီးဆင်းနေဆဲဖြစ်ကြောင်း သိရသည်။
ထို့အပြင် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင်လည်း ငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်နေသည့်ကြား မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒေသခံများ၏ စပါးခင်း၊ မြေပဲခင်းများ ရေနစ်မြှုပ်ကုန်ကြောင်း သိရသည်။
အင်းလေး ဒေသခံတစ်ဦးက”သုံးရက်ဆက်တိုက် နေ့ရောညပါ ရွာချလိုက်တဲ့မိုးကြောင့် စိုက်ခင်းမှာ တချို့ကျ မရင့်သေးတဲ့ စပါးကို ရိတ်သိမ်းတာရှိသလို အများစုတော့ မရိတ်ဘူး။ ရေပြန်ကျမယ် မျှော်လင့်ကြတာပေါ့။ ငလျင်ကြောင့် ပြန်လည်ထူထောင် ရေးမပြီးသေးဘူး အခုတစ်ပူပေါ်တစ်ပူဆင့် ဖြစ်နေကြတယ်”ဟု ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာလည်း ယခုနှစ်ဇွန်လထဲ ရေမှတ်သည် ယခင်နှစ် ဩဂုတ်လ၏ ရေမှတ်ရောက်နေသောကြောင့် ယခင်နှစ်လို ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်မည်ကိုစိုးရိမ်နေကြကြောင်း သိရသည်။
#PPV0011
#သဘာဝဘေး
#ဟိုပုံး
#ရေကြီးနှစ်မြုပ်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295