ခမ်းသားငေါဝ်း
ဇွန်လ ၁၄၊ ၂၀၂၅
https://www.facebook.com/share/p/16gChNQvax/
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ပေါရိဿကံထောင့်ရွာ၌ မိုးရွာသွန်းမှုကြောင့် ရေတက်လာပြီး ကြံခင်းနှင့် ပြောင်းခင်းများရေမြုပ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ညနေခင်းပိုင်းကစပြီး ရေအတက်ကြမ်းလာပါတယ်။ ဒီနေ့ညမှာ မိုးဆက်လို့ရွာရင် ပိုဆိုးလာနိုင်ပါတယ်။ မကြာခင် ရတော့မယ့် အစ်ကိုတို့ ပြောင်းခင်းက တစ်ဧကနဲ့ ပေါရိသာဒ်အနောက်ဖက် နန်းတော်ကွင်းမှာ တူလေးရဲ့ ကြံခင်း ၁၁ ဧကလည်း ရေမြှုပ်ပြီ” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ယခုရက်ပိုင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေခြင်းကြောင့် မြေနိမ့်ဒေသများ၌နေထိုင်သော ပြည်သူများအနေဖြင့် မိမိတို့အိမ်ခြံဝန်းထဲသို့ ရေစိမ့်ဝင်လာသည်ကို ကြုံတွေ့နေရပြီး အင်းလေး၊ ရွှေညောင်၊ တောင်ကြီး၊ ကလောနှင့် အောင်ပန်းမြို့များတွင်လည်း ရေကြီးမှု၊ ရေလျှံမှု ဖြစ်ပွားနေသည်ကို သိရှိရသည်။
“အရင်နှစ်က ဒီအချိန် ဘာမှ မဖြစ်သေးဘူး။ အိမ်က အိမ်ဝန်းထက် မြင့်နေတာကြောင့် အောက်ထပ်တော့ ရေမဝင်သေးဘူး။ အရေးကြီးတဲ့ ပစ္စည်းတွေနဲ့ စားစရာတွေကို အိမ်ပေါ်ထပ်တင်ထားကြပြီ။ အောက်ထပ်မြုပ်ရင်တော့ အပေါ်ထပ် တက်နေကြမယ်။” ဟုသူက ဆက်လက်ပြောသည်။
ယခင်နှစ် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းတွင်လည်း တောင်ကျရေများနှင့် ရာဂီမုန်တိုင်းကြောင့် ကလော၊ ညောင်ရွှေ၊ အောင်ပန်း၊ အင်းလေးနှင့် တောင်ကြီးမြို့များ၌ ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး၊ နေအိမ်ပျက်စီးမှုများနှင့် လူသေဆုံးမှုများ အထိ ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။
#ppv009
#သဘာဝဘေး
#ပေါရိဿ
#သီးနှံများရေမြှုပ်
#ရွှေညောင်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295