ခမ်းသားငေါဝ်း
ဇွန်လ ၁၂၊ ၂၀၂၅
https://www.facebook.com/share/p/19LWax8Vki/
ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာ သွန်းပြီး ညောင်ရွှေမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ကာ စပါးမရင့်မှည့်သေးခင် ရိတ်သိမ်းနေရသဖြင့် စပါးစိုက် တောင်သူများ အရှုံးပေါ်နေကြောင်း သိရသည်။
ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စပါးပင်များ ရိတ်သိမ်းချိန် မရောက်သေးဘဲ ရေကြီးနစ်မြုပ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးရမည့် အခြေအနေဖြင့် ကြုံတွေ့နေရကြောင်း သိရသည်
“အခု မိုးက တော်တော်လေးကို ရွာတာ၊ မနေ့ည က ရွာလိုက်တဲ့ မိုးတော်တော်လေး များတယ်။ စပါးတွေ မကျက်တကျက် မရင့်မှည့်ခင်မှာပဲ ရေလွှမ်းနေလို့ ရိတ်သိမ်းနေရပြီ ။ အထွက်နှုန်းကျတာပေါ့။ အသီးက သိပ်ပြီး မရင့်မှည့်သေးတော့ အသီး အောင်ဖို့ မအောင်ဖို့တော့ မသေချာဘူး၊ မရိတ်သိမ်းလို့လည်း မရတော့တဲ့ အခြေအနေ ကို ကြုံတွေ့နေရတာမို့ ပါ”ဟု အင်းလေးကန် ရှိ စိုက်တောင်သူ တစ်ဦးက ဆိုသည်။
ညောင်ရွှေမြို့နယ် ၊ အင်းလေးကန် တောင်ပိုင်း မှော်ဘီတံတားတွင် ဗေဒါများ ၊ ကိုင်းကျွန်းများ ပိတ်မိနေပါသဖြင့် ရေများ စီးဆင်း၍ မရတော့သဖြင့် စပါးစိုက်ခင်းများ ရေနစ်မြုပ်မှု ကြုံတွေ့ရခြင်း ဖြစ်ကာ ဆည်မြောင်းဦးစီးဌာန မှ တာဝန်ရှိသူများမှ ကွင်းဆင်း၍ တောင်သူများ အခက်အခဲကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် စပါးစိုက် တောင်သူ လယ်သမားများက တောင်းဆိုထားကြသည်။
၂၀၂၅ ခုနှစ် ဇွန်လ ၁၂ ရက် အထိ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တောင်ကြီး၊ အောင်ပန်း၊ ကလော ၊ ရပ်စောက် ဒေသ အသီးသီး ရေကြီး ရေလျှံမှု ကြုံတွေ့လာရခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် စံချိန်တင် ရေကြီးမှု ကြုံတွေ့ရပြီးနောက် ၂၀၂၅ ခုနှစ်တွင် မိုးဦးရာသီ အစော ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
မိုးကြီးခြင်းကြောင့် စပါးခင်းများ အပါအဝင် အခြား စိုက်ပျိုးသီးနှံများလည်း ထိခိုက်မှု ရှိကာ ၊ ခရမ်းချဉ်သီး စိုက်ခင်းများလည်း အပင်နာခြင်း၊ ထိခိုက်ခြင်းများ ကြုံတွေ့နေရကြောင်း မိုင်းသောက်တောင်သူ တစ်ဦးက ဆိုသည်။
#PPV-006
#စိုက်ပျိုးရေး
#လယ်စပါး
#ရေနစ်မြှပ်ပြီး
#ညောင်ရွှေ
#ရွှေညောင်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295