ခမ်းသားငေါဝ်း
ဇွန်လ ၇၊ ၂၀၂၅

ဒေသထိန်းချုပ်သည့်အဖွဲ့အပြောင်းအလဲကြောင့်မိုင်းရယ် ဟိုယတွင် ကျောင်းသားဦးရေ ယခင်နှစ်ထက်လျော့ကျခဲ့ကြောင်း မေလ(၇)ရက်မှာ စုံစမ်းသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း MNDAA ထိန်းချုပ်ဒေသ မိုင်းရယ်မြို့နှင့်(၅)မိုင်ခန့်သာ ကွာဝေးသည့် ဟိုယအခြေခံ ပညာအထက်တန်း ကျောင်းခွဲတွင် ယခင်စစ်ကောင်စီအုပ်ချုပ်သည့်ကာလက ကျောင်းသားဦးရေ (၅)ရာကျော်ရှိရာမှ ယခုနှစ်၌ ကျောင်းအပ်သည့် ကျောင်းသား၊ကျောင်းသူ ဦးရေ(၂)ရာကျော်သာ ရှိကြောင်း သိရသည်။

“အစကတော့ မိုင်းရယ်မြို့နယ် ပညာရေးအောက်က သွားမယ်ဆိုပြီး ဆရာ၊ဆရာမတွေက ကျောင်းအပ်လက်ခံတယ်။ ရွာလူကြီးတွေနဲ့ ကိုးကန့်ဖက်က ညှိနှိုင်းကြတာပြောတယ်။ နောက်ဆုံး ကိုးကန့်ထိန်းချုပ်ထားသည့် ဒေသဆို‌တော့ စစ်ကောင်စီဖက်က ကောက်ထားတဲ့ကျောင်းသူကျောင်းသား စာရင်းပြန်တောင်းတယ်လို့ပြောတယ်။ ဒီနှစ်က ကျောင်းသား ဦးရေ(၂)ရာကျော်ပဲရှိတယ် “ဟု ဒေသခံ အစိုးရဝန်ထမ်း(၁)ဦးက ပြောသည်။

ခေတ်အခြေအနေမတည်ငြိမ်မှု၊ ကုန်ဈေးနှုန်း မြင့်တက်မှုတို့ကြောင့် ‌ကလေးပညာရေးနှင့် ပတ်သက်ပြီး တပိုင်းတစဖြစ်သွားမည်ကို ‌စိုးရိမ်ကြောင်း ကျောင်းသားမိဘက ဆိုသည်။

ဒေသခံ ကလေးမိဘတစ်ဦးက”အခု ကိုးကန့်ဖက်က ဖွင့်လှစ်မယ်ဆိုတော့ အရင်ကတက်ခဲ့တဲ့အတန်းကနေ ပြန်စတက်ခိုင်းမလား ဒါမဟုတ် သူတို့စနစ်အတိုင်း ကလေးတွေက အစကနေ ပြန်စရမလားပေါ့။ ကျွန်မတို့ကြားမိတာက အခုNUG ပညာရေးအောက်က တက်ခဲ့တဲ့ ကလေးဆို စစ်ကောင်စီသင်တဲ့ပညာရေးဖက် ပြန်ကူးရင် အတန်းတင်မပေးဘူးကြားတယ်။ အဲ့လိုသာ ဖြစ်ခဲ့ရင် ကလေးတွေ နစ်နာတယ်။ အပြောင်းအလဲမရှိဘဲ အဆုံးထိ ဒီအတိုင်း ဆက်သွားနိုင်ရင်တော့ အကောင်းဆုံးပေါ့။”ဟု ပြောသည်။

ကိုးကန့်တပ်မတော် MNDAAသည် ရှမ်းပြည်နယ်မြောက်ပိုင်း ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသရှိ ကျေးရွာ(၂၀)တွင် အခြေခံပညာကျောင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဇွန်လ(၃)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင့ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ထိန်းချုပ်ဒေသရှိ မယ်ဟန်၊ ရှိန်ခိုက်၊ နောင်လိုင်၊ အီနိုင်း၊ ကုန်းညို့၊ နမ့်ဟူး၊ အောင်သစ္စာ၊ ဟိုပိတ်၊ နမ့်ကျန်၊ ဟိုယ၊ ခေးနင်း၊ နောင်မွန်၊ မန်ဆန်ရေကျ၊ ခါးရှိ၊ မန်ပျဉ်၊ သံလွင်၊ နမ့်ပေါင်၊ နမ္မဗောဓ၊ လွယ်ငင်း စသည့်ရွာများတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုအခြေခံပညာကျောင်းများတွင် မူလတန်းကျောင်းဝင်ကြေး အခမဲ့ ဖြစ်ပြီး အထူးဒေသ (၁)အတွင်းရှိ အခြားသော အခြေခံ ပညာကျောင်းများကိုလည်း ဖွင့်လှစ်နိုင်ရန် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အထူးဒေသ(၁)အတွင်းရှိ စာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမ အနေဖြင့် CDMကျောင်း ဆရာ၊ဆရာမများကို ခန့်အပ်သွားမည်ဟု သိရကြောင်း ဒေသခံက ပြောသည်။

ထို့အပြင် MNDAAထိန်းချုပ်ထားသည့် ဒေသအတွင်း စာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်ရန် CDM ဆရာ၊ဆရာမများကို ဖိတ်ခေါ်ကြောင်း မေလ(၂၅)ရက်က MNDAAမှ ထုတ်ပြန်ချက်အရ သိရသည်။

#PPV0011
#ပညာရေး
#ဟိုယ
#MNDAA