ခမ်းသားငေါဝ်း
မေ ၃၁၊ ၂၀၂၅

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တာယောတံတားဖြူအောက်နားမှ ရေထဲ ပြုတ်ကျ ပျောက်ဆုံးသွားသော အသက် (၉)နှစ်အရွယ် မိန်းကလေးငယ်ကို လေးရက်အကြာမှ သေဆုံးလျက် ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မေလ ၂၅ ရက် မွန်းလွဲပိုင်း ၁ နာရီ ၁၅ မိနစ် အချိန်က တာယော တံတားဖြူအောက်နား ၊ လူကူး ဝါးတံတား ဖြတ်ကူးစဉ် ရေချောင်းထဲ ကျသွားကာ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ၊ မေလ ၂၈ ရက် မွန်းလွဲပိုင်း ၁ နာရီ အချိန်မှ ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

“ ၂၅ ရက် ကနေ ၂၈ ရက် အထိ လေးရက်လောက် မနားတမ်း ရှာလိုက်တာ နန်းသီတာ ဘက်မှာ ပြန်တွေ့တယ်။ ကူညီပေးတဲ့ လူမှုကူညီရေး အသင်းအဖွဲ့တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျောင်းဖွင့်ချိန်မှာ ကလေးငယ်တွေကို ပိုပြီးတော့ ဂရုစိုက်ဖို့ လိုအပ်ပါမယ်။”ဟု ရွှေညောင်မြို့ခံ တစ်ဦးကပြောသည်။

အဆိုပါ ကလေးငယ်၏ ရုပ်အလောင်းကို ညောင်ရွှေမြို့နယ်၊ နန်းသီတာ အနောက်ဘက် တာယောချောင်း အောက်ပိုင်း ချောင်းထဲ လဲကျနေသော သစ်ပင်ကြားထဲ ညှပ်သည်ကို ပြန်တွေ့ရကြောင်း၊ ယခင်ရှေ့ရက်များတွင် ရေကြီးနေသဖြင့် သစ်ပင်လည်း မြုပ်နေခြင်းကြောင့် ရှာမတွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြန်လည် ရှာဖွေတွေ့ရှိခဲ့သော ကလေးငယ်၏ ရုပ်အလောင်းကို ရွှေညောင် မြို့မ သုဿာန်တွင် ကောင်းမွန်စွာ သဂြိုလ် ပေးခဲ့ကြောင်း သိရသည်။

ရွှေညောင်မြို့ရှိ ရွှေညောင် ပရဟိတ ကွန်ရက်၊ လူရည်မွန် ပရဟိတ အဖွဲ့ ၊ ရွှေညောင် မီးသတ်တပ်ဖွဲ့နှင့် DB သယ်ယူပေးသော စေတနာမွန် နာရေး ကူညီမှု အသင်း တို့သည် မေလ ၂၅ ရက်မှ ၂၈ ရက် အထိ တစ်နေကုန် မိုးထဲရေထဲတွင် ချောင်းတစ်လျှောက် ဘေးဝဲယာ ဆူးချုံနွယ်ကြား မကျန် လေးရက်ဆက်တိုက် ကြိုးစားရှာဖွေ ပေးခဲ့ကြောင်း လူမှုကူညီရေး အသင်းများထံမှ သိရသည်။

အဆိုပါ ကလေးငယ်မိသားစုသည် ကျောက်မဲမြို့မှ စစ်ဘေးရှောင်လာသူဖြစ်ပြီး ရွှေညောင်မြို့၊ မင်္ဂလာ ရွှေဗဟိုရ် ရပ်ကွက်တွင် ယာယီနေထိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

#PPV-006
#မှုခင်း
#ကလေး
#ရေထဲမျောပါ
#ရွှေညောင်