ခမ်းသားငေါဝ်း
မေလ ၃၁၊ ၂၀၂၅
တောင်ကြီးမြို့ပေါ်တွင် လိုင်စင်မဲ့ယာဉ်များကို ရပ်ကွက်နေအိမ်အထိ လိုက်လံဖမ်းဆီး အရေးယူမည်ဆိုခြင်းကြောင့် ဒေသခံများအနေဖြင့် အခက်တွေ့နေရကြောင်း မေလ(၃၁)ရက်ကသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် လာမည့်ဇွန်လ(၁)ရက်နေ့မှ စပြီး နေအိမ်အထိ ရှောင်တခင် ဝင်ရောက်စစ်ဆေး သိမ်းဆည်း အရေးယူမည်ဟု သိရကြောင်း ဒေသခံထံမှ သိရသည်။
“ကြားတဲ့သတင်းကတော့ ရပ်ကွက်အလိုက် နေအိမ်အထိ၊ ကား Showrooms အထိ ရှောင်တခင်ဝင်ရောက် စစ်ဆေး အရေးယူမယ် ကြားတယ်။တကယ် စိတ်ညစ်ရတယ်။ လိုင်စင်မဲ့တွေ့ရင် အပြီးသိမ်းဆည်း မယ် ဆိုတော့ ဘယ်ကိုအရင် ဝင်စစ်မယ်လည်း မသိရဘူး။ ဘယ်ကိုသွားထားရမလဲ မသိ။ နောက် ကလေးကျောင်းပို့ ကျောင်းကြို၊ ဈေးဝယ်ကအစ အများစုက လိုင်စင်မဲ့ယာဉ်ပဲ။ အဲ့တာတွေရော ဘယ်လိုစီစဉ်ပေးမလဲ ထည့်မတွေးဘူးလားပေါ့ဗျာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က မေလ(၂၀)ရက် ၌ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးအရေးယူရန် ပြောဆိုပြီးနောက် တောင်ကြီးမြို့ပေါ်တွင် မေလ (၃၀) ရက်ကစပြီး လိုင်စင်မဲ့ကားရာချီ သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇွန်လ(၁)ရက်နေ့မှ စပြီး ဖမ်းဆီးရမိသည့် ကား၊ဆိုင်ကယ် လိုင်စင်မဲ့များကို အပြီးသိမ်းအရေးယူမည်ဟု ပြောဆိုထားသော်လည်းလက်ရှိ ဖမ်းမိလိုင်စင်မဲ့ယာဉ် သိမ်းသွားခြင်းလည်းရှိကြောင်းသိရသည်။
ဒေသခံ အမျိုးသမီး တစ်ဦးက “သတင်းတွေလည်း နားစွန့်စေချင်တယ်ပေါ့။ အခုတွေ့ရတာတစ်ခုက မနက်ဖြန်ကျရင် ဘုရားဖြူ၊ကံကြီးတို့မှာ ဝင်စစ်မယ်လို့ တွေ့ရတာပဲ။ ဖမ်းဆီးသိမ်းဆည်းသွားရင်ငါတို့ပြည်သူပဲ ခံရမှာ။ နှဖူးကချွေး ခြေမထိ ကျတဲ့ထိ ရှာဖွေစုဆောင်းထားရတဲ့အရာမို့ အများကြီးနစ်နာတယ်။ သတိထားဖို့ပဲ ပြောရမှာပေါ့”ဟု ပြောသည်။
လက်ရှိတွင် ယာဉ်ထိန်းရဲများက ကားများတားဆီးပြီး ယာဉ်မောင်းလိုင်စင်၊ ကားလိုင်စင်၊ ခါးပတ်ကြိုးတပ်မတပ် စသည်အချက်များနှင့်စစ်ဆေးအရေးယူ နေ ကြောင်း သိရသည်။
#PPV0011
#လိုင်စင်မဲ့
#ယာဥ်ဖမ်းဆီး
#တောင်ကြီး