ခမ်းသားငေါဝ်း
မေလ ၃၁၊ ၂၀၂၅
KNDF သည် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည်နှင့်အညီ ပြည်သူလူထု၏ အိုးအိမ်များကို ကာကွယ်စောင့်ရှောက်ကြရန် KNDF တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားသို့ ပေးပို့သောမိန့်ခွန်းတွင် KA/KNDF စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်ကပြောဆိုလိုက်သည်။
ကရင်နီသည် သမိုင်းအစဥ်အလာကြီးမာသည့်အမျိုးသားများဖြစ်သောကြောင့် သမိုင်းအစဥ်လာများကို ဆက်လက် ထိန်းသိမ်းပြီး အောင်မြင်မှုလမ်းဆီသို့ ဆက်လက်ချီတက်သွားကြရန် KNDF စစ်ဦးစီးချုပ်၊ ဗိုလ်မှုးချုပ်အောင်မြတ်ကဆိုသည်။
“မိမိတို့သည် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုသာဖြစ်ပြီး နိုင်ငံရေးအဖွဲ့အစည်းမဟုတ်ကြောင်း သိရှိနားလည်ရန်လိုအပ်ပါတယ်၊ စစ်မြေပြင်မှာ လိုက်နာရမည့်ကျင့်ဝတ်၊ ဥပဒေစည်းကမ်း၊ လူထုအရေး၊ ကလေးသူ ငယ်၊ အမျိုးသမီးအရေး၊ မူးယစ်ဆေးဝါး များကိုကာကွယ်တိုက်ဖျက်ရမယ်၊ အထူးသဖြင့် မိမိတို့တာဝန်ကျရာ ဒေသမှာ ဘိန်းစိုက်ပျိုးခြင်းများတားမြစ်ရန် အထူးလိုအပ်ပါတယ်” ဟု ဗိုလ်မှူးချုပ်အောင်မြတ်ကဆိုသည်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF သည် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည်နှင့်အညီ ပြည်သူလူထု၏ အိုးအိမ်များကို ကာကွယ်စောင့်ရှောက်ရန်၊ ဥပဒေနှင့်အညီ ပြုမူနေထိုင်ကြရန် တပ်တွင်းစည်းလုံးညီညွတ်မှုနှင့် ပြည်သူလူထုများအားကိုးရသည့် တပ်ဖွဲ့ဖြစ်ရန်အထူးလိုအပ်ကြောင်း ဆိုထားသည်။
ထို့အပြင် KNDF ရဲဘော်များအနေဖြင့် ရာထူးများကိုအလွဲသုံးစားမပြုဘဲ လူထုများနှင့်တစ်သားတည်းရပ်တည်ကြရန်၊ ပြည်တွင်းပြည်ပမှ အထောက်အပံ့များကိုလည်း အလွဲသုံးစားမပြုကြရန်၊ လက်ရှိနိုင်ငံရေးအရွေ့နှင့် မိမိတို့တော်လှန်ရေးသမိုင်းအစဥ်အလာကို သတိမမေ့ကြရန် နှင့် ရန်သူများ၏သွေးခွဲစကားများ၊ အမျိုးသားရေးညီညွတ်မှုထိခိုက်စေမည့် ပုဂ္ဂိုလ်များကို သတိပြုရန် လိုအပ်ကြောင်း မိန့်ခွန်းတွင် ထည့်တွင်းပြောဆိုထားသည်။
တော်လှန်ရေး ၄ နှစ်သာခရီးအတွင်း အခက်အခဲများ၊စိန်ခေါ်မှုများ နှင့် ရဲဘော်လူငယ်များ၏အသက်သွေးချွေးများ၊ ပြည်သူလူထုအိုးအိမ်မြေယာများစွာ ပျက်စီးဆုံးရှုံးခဲ့ပြီးတယ်၊ တော်လှန်ရေးမည်သည် ဆုံးရှုံးနစ်နာမှုများ၊ ပေးဆပ်မှုများ ရှိကြသည်မှာ ဓမ္မတာပင် ဖြစ်ကြောင်း ဆိုသည်။
မိမိတို့ ကရင်နီအမျိုးသားများနှင့်အတူ၊ မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသားများအားလုံး လွတ်မြောက်ရေးအတွက် ယနေ့တော်လှန်တိုက်ပွဲသည် ခရီးရောက်နေပြီးဖြစ်ကြောင်း KNDF စစ်ဦးစီးချုပ်၊ ဗိုလ်မှူးချုပ်အောင်မြတ်ကဆိုသည်။
#PPV 003
#နိုင်ငံရေး
#တော်လှန်ရေး
#KNDF
#ကရင်နီ
#ဗိုလ်မှူးချုပ် အောင်မြတ်