ခမ်းသားငေါဝ်း
မေလ ၃၁၊ ၂၀၂၅
စစ်ကောင်စီကြောင့် မေလအတွင်း အမျိုးသမီး (၈၆) ဦး အပါအဝင် ပြည်သူစုစုပေါင်း (၁၅၂) ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ထုတ်ပြန်ချက် စာရင်းအရ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အချက်အလက် အရ မေလ (၁)ရက်နေ့မှ (၃၀) ရက်အထိ နိုင်ငံတဝန်း စစ်ကောင်စီအုပ်စုကြောင့် အမျိုးသမီး (၈၆) ဦးနှင့် အမျိုးသား (၆၆) ဦး စုစုပေါင်း (၁၅၂) ဦး အထိ သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။
သေဆုံးခဲ့ရသည့် ပြည်သူ (၁၅၂) ဦးထဲတွင် အသက် (၃) လ အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အသက် (၁၈) နှစ်အောက် ကလေးငယ် (၅၁) ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။
သေဆုံးခဲ့ရသူများမှ (၁၀၉) ဦးသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီး (၁၇) ဦးသည် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
သေဆုံးခဲ့ရသူများထဲတွင် စစ်ကိုင်းတိုင်းမှ (၆၈) ဦးအများဆုံးဖြစ်ပြီး ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် (၂၁) ဦးစီနှင့် ဒုတိယသေဆုံးမှု အများဆုံး ဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးသူ အရပ်သား (၁၀၀) ဦးရှိနေပြီး စာရင်းကို သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။
စစ်ကောင်စီသည် မေလအတွင်း နိုင်ငံတစ်ဝန်း အမျိုးသမီး(၅)ဦးနှင့် အမျိုးသား(၄)ဦး စုစုပေါင်း (၉)ဦးကိုလည်း နွေဦးတော်လှန်ရေး ကိစ္စနှင့် စပ်လျဉ်း၍ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းတွင်လည်း စစ်ကောင်စီမှ အမျိုးမျိုးသော စစ်ရာဇဝတ်မှုများ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမျိုးသမီး(၇၁)ဦး သေဆုံးခဲ့ရကြောင်း (BWU)မှ ထုတ်ပြန်ချက်အရ သိရသည်။
#PPV0011
#Humanright
#စစ်ကောင်စီ
#ပြည်သူသေဆုံး