ခမ်းသားငေါဝ်း
မေ ၂၉၊ ၂၀၂၅
https://www.facebook.com/share/p/1Cpq2HJdWA/
လားရှိုးမြို့တွင် သိန္နီမြို့နယ်နှင့် ကွမ်းလုံမြို့နယ်ရှိ ဒေသခံများအတွက် လဝက ပူးတွဲရုံးဖွင့်လှစ်ကာ နိုင်ငံသားစိစစ်ရေးကတ်၊ UID စမတ်ကတ်နှင့် အိမ်ထောင်စုဇယားတို့ကို ပြုလုပ်ပေးနေကြောင်း သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် မေလ(၂၇)ရက်မှစ၍ နိုင်ငံသားမှတ်ပုံတင်၊ အခြားလူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို လားရှိုးခရိုင်လဝကဦးစီးမှူးရုံး(EPC)ရုံးအနောက်ဖက် ရုံးကြီးလမ်းမှာ ရုံးချိန်အတွင်း ပြုလုပ်ပေးနေကြောင်း ဒေသခံထံမှ သိရသည်။
“ရုံးချိန်အတွင်း လုပ်ပေးနေတယ်။ လဝကရုံး ပြန်ဖွင့်နိုင်တာလည်း ဒေသခံအတွက် ကောင်းတယ်။ မဟုတ်ရင် တောင်ကြီးထိ သွားလုပ်ရတာ အနည်းဆုံး(၁၀)ကျော်ကုန်တယ်။ အခုက စာရွက်စာတမ်းအပြည့်အစုံရှိရင် အများကြီးမပေးရဘူး။ စာရွက်စာတမ်းကြေးပဲပေးရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
မှတ်ပုံတင်ပြုလုပ်ရာတွင် လူများပြီး တိုကင်စနစ်ဖြင့် ပြုလုပ်ပေးရာ ငွေရှိသူများအတွက် လွယ်ကူသော်လည်း ငွေကြေးမတတ်နိုင်သူများအတွက် အချိန်များစွာ စောင့်ဆိုင်းရကြောင်း သိရသည်။
“မနက်(၁)နာရီကတည်း ထပြီးတန်းစီကြတယ်။ (၄)နာရီလောက်ရောက်ရင် လူအယောက်(၂)ရာကျော်ပြီး၊ ပြုလုပ်ပေးတာက တစ်ရက်ကို အယောက်(၇၀)တဲ့။ ပိုက်ဆံရှိတဲ့သူကတော့ ကိုယ်တိုင်တန်းစီစရာ မလိုဘူး ပွဲစားရှိတယ်။ သူတို့ကို ပိုက်ဆံပေးလိုက်ရင် ရပြီ။ မရှိတဲ့သူအတွက်က (၃)ရက်လောက် တန်းစီမှ အဆင်ပြေသွားတာလည်း ရှိတယ်။ ဒီလိုကိစ္စကတော့ ပြောစရာမလိုဘူလို့ထင်တယ်။ သိတဲ့အတိုင်းပါပဲ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း နေထိုင်သူများကို မေလ(၁၉)ရက်နေ့မှ စ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် စမတ်ကတ်တို့ကို ပြုလုပ်ပေးနေကြောင်း သိရသည်။
လားရှိုးမြို့တွင် ကိုးကန့်တပ် ပြန်လည်ဆုတ်ခွာပြီးနောက် လက်ရှိမှာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကာ မကြာခင်မှာ နိုင်ငံကူးလက်မှတ် Passport ပြုလုပ်ပေးရန်အတွက်လည်း ကြိုးပမ်းနေကြောင်း သိရသည်။
တစ်ဖက်မှာလည်း မြို့တွင်း ခိုးဆိုးလုယက်မှု နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေကာ ဒေသခံများအနေဖြင့် တာဝန်ရှိသူများကို ဤကိစ္စအတွက် တာဝန်ယူဖြေရှင်းစေလိုကြောင်း သိရသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#လားရှိုးမြို့
#နိုင်ငံသားမှတ်ပုံတင်
#အခြားလူဝင်မှုကြီးကြပ်ရေးလုပ်ငန်း
#လားရှိုးခရိုင်လဝကဦးစီးမှူးရုံး
#EPC
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7