ခမ်းသားငေါဝ်း

မေလ ၃၀၊ ၂၀၂၅

https://www.facebook.com/share/p/1BoJRgDF1a/

ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းပွန်တံတားတွင် မေလ ၂၈ ရက်၌ တရားမဝင် ကုန်စည်များ ကို ပူးပေါင်းအဖွဲ့တို့ဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ ၏ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟိုပုံးမြို့နယ် မိုင်းပွန်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် ဖာလိုင်ဘုန်းတော်ကြီးကျောင်း၊ အနောက်ဘက်ရှောင်ကွင်းလမ်းအနီးတို့၌ ယာဉ် ၁၂ စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း ၁၆ မျိုး၊ လုပ်ငန်းသုံးပစ္စည်းခြောက်မျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေ သိန်းပေါင်း ၈၈၀ ကျပ်) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ယာဉ် ၁၂ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၄၄၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ သိန်းပေါင်း ၃၃၂၀ ကျပ်ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့ထံမှ သိရသည်။

“အခုတလော အကောက်ခွန်မဲ့ ဂျူတီမဲ့ ပစ္စည်းတွေ မတင်ကြဖို့ ကားသမားတွေကို နှိုးဆော်ထားတာလည်း ရှိပါတယ်။ ဖြစ်လိုက်ရင် ကားသမားတွေ ဘ၀ က တကယ် မလွယ်ဘူး။ ကုန်စည် တင်တာကမှ ဘယ်လောက်မှ မရဘူး။ အဖမ်းခံရပြီဆိုရင် မော်တော်ယာဉ် ကိုပါ သိမ်းဆည်းခံရပါတယ်။ အခုက နေ့စဉ် ရက်ဆက် ဆိုသလိုပဲ ဖမ်းဆီးခံရတာတွေ ရှိပါတယ်။”ဟု ကုန်စည်ပို့ဆောင်ရေး ဂိတ်တစ်ခုထံမှ တာဝန်ရှိသူက ဆိုသည်။

ထိုသို့ ဖမ်းဆီးရာတွင် လိုင်စင်မဲ့ မော်တော်ကား နှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို လည်း ဖမ်းဆီးကာ ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အရေးယူ ဆောင်ရွက်ကြောင်း သိရသည်။

ထို့ပြင် စာရွက်စာတမ်း အထောက်အထား မပါသော စားသောက်ကုန် ပစ္စည်းများ နှင့် သစ်မျိုးစုံ တို့ကိုလည်း ဖမ်းဆီးသလို တရားမဝင် လောင်စာဆီ ဒီဇယ် များလည်း ပါဝင်ကာ ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာ ဥပဒေ တို့ဖြင့် သိမ်းဆည်း အရေးယူဆောင်ရွက်ကြောင်း သိရသည်။

မေ ၂၂ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ကြီးမြို့ (၄)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တန့်ယန်းမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာ တမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းခြောက်မျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၆၆၅၇၈၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၆၆၅၇၈၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မေ ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် တစ်နိုင်ငံလုံးတွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၆၂ မှု (ခန့်မှန်းတန်ဖိုးငွေ သိန်းပေါင်း ၁၀၄၄၀ ကျပ်) ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရ သည်။

#PPV-006
#ကုန်ပစ္စည်း
#တရားမဝင်
#မိုင်းပွန်
#တောင်ကြီး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။