ခမ်းသားငေါဝ်း

မေ ၂၉၊ ၂၀၂၅

ဆောင်းပြောင်းကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များဆုတ်သွားပြီး စစ်ကောင်စီနှင့် PNOပြည်သူ့စစ်ထိန်းချုပ်ထားစဥ် ဒေသခံနေအိမ်များအား မီးရှို့ဖျက်စီးနေကြောင်း မေလ(၂၉)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် မေလ(၁၆)ရက်နေ့မှစကာ စစ်ကောင်စီ၊ လက်အောက်ခံ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့ကြား (၁၀)ရက်ကျော်ကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယခုချိန်တွင်စစ်ကောင်စီတပ်ဖွဲ့များက ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်းဒေသခံနေအိမ်များထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များနောက်ဆုတ်သွားသည့် နောက်ပိုင်းဆောင်းပြောင်းအနောက်ရွာဒေသခံနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်လက်အောက်ခံ PNO ပြည်သူ့စစ်က ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်စီးခြင်းပြုလုပ်နေကြောင်းသိရသည်။

“အခုနေအိမ်တွေက တမင်တကာအရှို့ခံရတာ PNO တွေကလူငှါးပြီးတော့ တောင်ဘက်ကနေစပြီးရှို့တာ တော်လှန်ရေးသမားနောက်ဆုတ်သွားတာကလည်း (၃)ရက်လောက်ရှိနေပြီလေ၊ ဟိုရက်ကနေအိမ်ထပ်ရှို့မယ်ပြောသံကြားတာ မနေ့ကတကယ်ရှို့သွားတယ်၊ ကျွန်တော်အသိအိမ်ဆိုလည်း အဲ့မတိုင်ခင်အကောင်းတိုင်းရှိသေးတယ် မနေ့ညနေရောက်တော့ အိမ်ကမီးအရှို့ခံလိုက်ရပြီ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီမှင့် PNO ပြည်သူ့စစ်ထိန်းချုပ်ပြီးနောက်ယမန်နေ့နံနက်ပိုင်းတွင် ဒေသခံပြည်သူအချို့ရွာထဲပြန်ဝင်ခွင့်ရပြီး အချို့နေအိမ်က မီးစလောင်ရုံအနေထားပဲရှိသေးပြီး အချို့နေအိမ်ကနံနက်ပိုင်း၌အကောင်းတိုင်းရှိ နေသေးသော်လည်း ညနေပိုင်းတွင်တစ်အိမ်လုံးမီးလောင်သွားပြီဖြစ်ကြောင်းသိရသည်။

“လောလောဆယ်တော့(၃၀)ကျော်ပြီမီးလောင်သွားတာ ရွာမှာရှိတဲ့ PNO အဖွဲ့ဝင်နေအိမ်ဆို မီးမလောင်ဘူး တစ်ခြားအိမ်တွေပဲလောင်သွားတာ အခုကဓာတ်ဆီတွေနဲ့တစ်အိမ်ပြီးတစ်အိမ်လိုက်ရှို့နေတာ မကုန်မချင်းလိုက်ရှို့နေတာထင် သူတို့ကဒီလိုလုပ်ပြီးအမှားတွေပြန်ပြောတော့မယ်သေချာတယ် အမှန်ကိုသူများမသိတာကျနေတာပဲ”ဟု ၎င်းကဆက်ပြောသည်။

နောက်ထပ်ဒေသခံတစ်ဦးက “ဆောင်းပြောင်းရွာမှာတိုက်ပွဲပြန်ဖြစ်ရင် ဆောင်းပြောင်းအနောက်ရွာ(ဒုံတွို့ꩻ)ကို မီးရှို့ပစ်မယ်ဆိုပြီး အရင်ကတည်းကသူတို့(PNO)ကပြောထားပြီးသား၊ ဘာလို့ဆိုအနောက်ရွာက PDFတပ်ထဲ ဝင်တဲ့လူလည်းရှိတော့လေ၊ အခုကတော်လှန်ရေးသမားတွေနောက်ဆုတ်ပြီးမီးရှို့သွားတယ်ပြောရအောင်လည်း တစ်ချို့အိမ်တွေဆိုအခုမှမီးစလောင်တာလေ၊ ပြီးတော့သူတို့လည်းရွာထဲကားနဲ့ဖြတ်မောင်းလို့ရနေပြီကို ဖြစ်နိုင်ချေကိုမရှိတာ”ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားသည့်ကျေးရွာများတွင် ၎င်းတို့ပြန်လည်သိမ်းပိုက်ရရှိပါက PDF တပ်ဖွဲ့များနေအိမ်မီးရှို့မည်ဟုပြောဆိုပြီး အရပ်သားပြည်သူနေအိမ်များကို မီးရှို့ဖျက်စီးခြင်း ပြုလုပ်လေ့ရှိကြောင်း ဒေသခံများပြောဆိုချက်အရသိရသည်။

PNO ပြည်သူ့စစ်လောဘီသတင်းဌာနနှင့် အဖွဲ့ဝင်များက တော်လှန်ရေးတပ်ဖွဲ့များကမီးရှို့ခြင်းဖြစ်ကြောင်း စွပ်စွဲထားသော်လည်း ဒေသခံများက တော်လှန်ရေးတပ်ဖွဲ့များဆုတ်ခွါပြီး ရွာအတွင်းစစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များထိန်းချုပ်ပြီးနေရာယူစဥ် မီးရှို့ခံရခြင်းဖြစ်ကြောင်း ဟိုပုံးကိုရင်လေးနှင့်ခွန်တန်ဇာတ်လိုက်တို့အားယုံကြည်သည့်အိမ်များ မြိုင်ကလေးဆရာတော်အားယုံကြည်သည့် သားသတ်လွတ်စားသည့်အိမ်များမီးရှို့ခံရပြီး PNO အားပေးသည့်အိမ်များကကျန်ခဲ့ကြောင်း သိရသည်၊၊

ဆောင်းပြောင်းရွာကို မေလ(၂၇)ရက်နေ့၌ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တပ်များ ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း PNA လူမှုကွန်ယှက်စာမျတ်နှာပေစ့်ရဲ့ဖော်ပြချက်အရသိရသည်။

#PPV007
#Video : onlin
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#ဆောင်းပြောင်းကျေးရွာ
#စစ်ကောင်စီလက်အောက်ခံ
#PNO
#ပြည်သူ့စစ်
#တော်လှန်ရေးတပ်ပေါင်းစု
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7