ခမ်းသားငေါဝ်း
မေ ၂၈၊ ၂၀၂၅

https://www.facebook.com/share/p/1XFZKCoiqe/

စစ်ကောင်စီသည် PSMS(Person Scrutinization and Monitoring system)ဟုခေါ်သည့် လူပုဂ္ဂိုလ်စီစစ်စောင့်ကြည့် စနစ်ကို အသုံးပြုပြီး စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း မေလ(၂၈)ရက်က သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း စစ်ဆေးရေးဂိတ်များတွင် (PSMS) နည်းပညာကိုအသုံးပြုပြီး တော်လှန်ရေး၌ ပါဝင်ပတ်သက်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုရှိလာနေပြီ ဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြလာသကဲ့သို့ ဂိတ်များ၌လည်း စစ်ဆေးမှုယခင်ထက် ပိုတင်းကြပ်လာကြောင်း သိရသည်။

“ဒီနည်းပညာက အခုမှမဟုတ်ဘူး။ လွန်ခဲ့တဲ့ (၂၀၂၁/၂၀၂၂)ကတည်းက ရှိထားတယ်ကြားတယ်။ အခုတော့ နယ်မြို့လေးကအစ ဒါကိုအသုံးပြုပြီး ကိုယ့်ရဲ့အချက်အလက်နဲ့ တိုက်စစ်ဖမ်းဆီး မှုတွေ စတင်နေပြီလို့ပြောလို့ရတယ်။ Smart Card လုပ်ပေးတာက အလည်းကားမှ မဟုတ်ပဲ ကိုယ့်ရဲ့အချက်အလက်တွေ အကုန်စုထားတာပါလေ။ကားထဲပါလာတဲ့သူတွေလည်း ဂိတ်ရောက်ရင် ကားပေါ်ဆင်းပြီး မှတ်ပုံတင်ပြရတယ်။ စစ်ဆေးတာတော့ အရင်ကထက် ပိုဆိုးလာတာ တကယ်ပါ”ဟု ကားဆရာ(၁)ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် ပြီးခဲ့သည့် ‌မေလ(၂၂)ရက်က မိုင်းနောင်-ကျေးသီး-လဲချား ဂိတ်စုံမှာ (PSMS)နည်းပညာကို အသုံးပြုပြီး စစ်ဆေးရာ ရန်ကုန်တိုင်း‌နေထိုင်သူ မချစ်စု အသက်(၂၅)ကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ထို့အပြင် မေလ(၂၅)ရက်မှာလည်း နမ့်စန်မြို့၊ ထင်းရှူးမြိုင်စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသည့် ခရီးသည်များကို (PSMS)နည်းပညာဖြင့် စစ်ဆေးရာ နမ့်စန်မြို့မှ တောင်ကြီးသို့ သွားသည့် နမ့်စန်မြို့ အမှတ်(၁)ရပ်ကွက်မှာ နေထိုင်သူ အသက်(၂၆)နှစ်အရွယ် မနန်းချယ်ရီထွန်း ဆိုသူကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀(ည)ဖြင့် အမှုဖွင့်အ‌ရေးယူထားခံရသူ ဖြစ်သည်ကို တွေ့ရှိ၍ ဖြစ်ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

စစ်ကောင်စီသည် (PSMS)နည်းပညာကို အသုံးပြု၍ ဖမ်းဆီးမှု များလာသောကြောင့် ခရီးသွား လူငယ်များအကြား စိုးရိမ်ပူပန်မှုတွေ ရှိနေကြောင်း သိရသည်။

“အခုက ကျောင်းသူ ကျောင်းသားပါမကျန် ဖမ်းဆီးတယ်ဆိုတော့ ပြောလို့မရဘူးလေ။ အပြစ်မရှိရင်လည်း အကြမ်းဖက်မှုနဲ့ ပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး မဖမ်းဘူးလို့ ပြောလို့မရဘူးလေ။အကုန်လုံးက သူတို့လက်ထဲမှာပဲ ရှိသလို ဖြစ်နေတယ်။ လွတ်လပ်တာတော့ အရင်ကတည်း မလွတ်လပ်ဘူးဆိုပေမဲ့ အခုက ပိုဆိုးတဲ့ အခြေအနေလို့ ပြောရမယ်”ဟု လူငယ်ကျောင်းသား(၁)ဦးလည်း ပြောသည်။

(PSMS)နည်း ပညာကြောင့် ဖမ်းဆီးစစ်ဆေးမှု ပိုမို‌လုပ်ဆောင်လာသည်ကို သတိပြုရန် လိုအပ်ကြောင်း မြန်မာအင်တာနက်ပရောဂျက်(MIP)မှလည်း ထုတ်ပြန် အသိပေးခဲ့သည်။

(PSMS)စနစ်သည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို စစ်ဆေးကြည့်ရှုခြင်းနှင့် ထိန်းသိမ်းဆောင်ရွက်မှုများကို တိကျစွာ စောင့်ကြည့်နိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပြီး အဆိုပါနည်းပညာသည် တရုတ်နိုင်ငံ၏ Huawei နည်းပညာကုမ္ပဏီမှ စစ်တပ်အတွက် ကူညီပေးနေတာခြင်း ဖြစ်ကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#စစ်ဆေးရေးဂိတ်များ
#PSMS
#နည်းပညာကိုအသုံးပြု
#တော်လှန်ရေး၌ပါဝင်ပတ်သက်မှုရှိသည်ဟုဆို
#ဖမ်းဆီးမှု
#ဂိတ်များ၌
#စစ်ဆေးမှုယခင်ထက်ပိုတင်းကြပ်လာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal –