ခမ်းသားငေါဝ်း
မေ ၂၂၊ ၂၀၂၅
https://www.facebook.com/share/p/1AabzpGWbm/
စစ်ကောင်စီသည် (၂၀၂၅)ခုနှစ် မတ်လ ဝန်းကျင်မှ စတင်ပြီး ယင်းတို့အား ဆန့်ကျင်သူတစ်ဦးတစ်ယောက်ချင်းစီကို စောင့်ကြည့် ခြေရာခံနိုင်သော နည်းပညာများ သိသိသာသာ အသုံပြုလာနေကြောင်း မေလ(၂၀)ရက်က မြန်မာအင်တာနက် ပရောဂျက်နှင့် နွေဦးလုံခြုံရေးမှ “မြင်းကွင်းကျယ် ဒစ်ဂျစ်တယ် စောင့်ကြည့်ရေး စနစ်များကြောင့် ဖမ်းဆီးခံရသူများပြားလာ” သတင်းစာရှင်းလင်းပွဲမှ သိရသည်။
အာဏာသိမ်းမှု(၄)နှစ်ကျော်ကာလမှာ စစ်ကောင်စီမှ ဒီဂျစ်တယ် ဖိနှိပ်ရေးနည်းလမ်းနှင့် ၎င်းတို့ထိန်းချုပ်ထားသည့်ဒေသ၊ တိုက်ပွဲဖြစ်ပွားနေသည့်ဒေသမှာ စောင့်ကြည့်ထောက်လှန်းမှုများ အရှိန်မြင့် လုပ်ဆောင်လာကြောင်း သိရသည်။
စစ်ကောင်စီသည် (PSMS, NSIMS, MAPPSနှင့် GLMS)စသည့် နည်းပညာများကို အသုံးပြုပြီး နယ်စပ်ဂိတ်၊ checkpoint၊ လေဆိပ်တို့တွင် စစ်ဆေးဖမ်းဆီးမှုများ ရှိကြောင်း သိရသည်။
“(၂၀၂၄)ခုနှစ်နောက်ပိုင်း သန်းခေါင်စာရင်းကောက်ယူမှုကို အကြောင်းပြပြီး စစ်ဆေးတာ အချက်အလက်ယူတာ၊ စစ်ထုတ်တာတို့ လုပ်ဆောင်လာတာကို တွေ့ရတယ်။ နောက်တစ်ခုက သူတို့ရဲ့ CCTVကို အသုံးပြုပြီး CCTVမှ တဆင့် လိုက်လံရှာဖွေတဲ့ ကိစ္စတွေ၊ ပြီးရင် Blacklist တွေ ဖော်ထုတ်လာတဲ့ ကိစ္စတွေ၊ ပင်ရင်း Serverနှင့် အချက်အလက် ချိတ်ဆက်ထားပြီး စစ်ဆေးဖမ်းဆီးတာတွေ ရှိလာတယ်”ဟု (MIP)မှ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီသည် ယခင်အရပ်သားအစိုးရလက်ထက်က ရှိခဲ့သော စောင့်ကြည့်ရေး စနစ်ကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ပြီး ၎င်းတို့ကို ဆန့်ကျင်သူ တစ်ဦးတစ်ယောက်ချင်းစီအား စောင့်ကြည့် ဖမ်းဆီးခြင်းများ လုပ်ဆောင်လာကြောင်း သိရသည်။
ဖုန်းခေါ်ဆိုမှု၊ SMSစာတိုပေးပို့မှု၊ အမည် အဖအမည်၊ မှတ်ပုံတင်၊အသက်၊ မွေးသက္ကရာဇ်၊ ဖုန်းနံပါတ်၊ အိမ်ထောင်စုစာရင်းစသည့် အချက်အလက်ပေါ် စစ်ဆေးပြီး ဖမ်းဆီးမှုရှိနေကြောင်း သိရသည်။
ထို့ကြောင့် အမှုဖွင့်ခံထားရသူ၊ အမည်ပေါက်ထားသူများ၊ (၂၀၂၁)နောက်ပိုင်း လှူဒန်းဖူးသူများ၊ CDMလုပ်ဆောင်နေသူများ၊ လှုပ်ရှားသူများအနေဖြင့် ခရီးသွားလာမှု၊ check points ဖြတ်သန်းမှုတို့မှာ သတိထားဖို့လိုကြောင်း သိရသည်။
၎င်းအပြင် လုံခြုံစိတ်ချရသော VPNကို အသုံးပြုကြရန် လိုအပ်ကြောင်း သိရသည်။
“ကိုယ့်ရဲ့ Facebook အကောင့် Friend list တွေမှာ ဘယ်လို လူမျိုးတွေရှိနေလဲ သတိထားပြီး စစ်ဆေးဖို့လိုတယ်။ ကိုယ့်ရဲ့အကောင့်ကို စောင့်ကြည့်နေလားဆိုတာကို မသိနိုင်ပေမဲ့ ကိုယ်တင်တဲ့ အရာတွေက ထိရှလွယ်တဲ့ အရာ၊ comments တွေ မန့်တဲ့ခါတို့Public အနေနဲ့ထားသင့်လားဆိုတာကိုတော့ ချိန်ဆလို့ရပါတယ်။ လုံခြုံတဲ့ VPNကို အသုံးပြုဖို့လိုတယ်။ ခရီးသွားတဲ့အချိန်မှာ စာရွက်စာတမ်း၊ အချက်အလက်၊ ထိရှလွယ်တဲ့ အရာကို လုံခြုံတဲ့နေရာမှာ သိမ်းထားတာတို့ လုပ်ဆောင်သင့်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် (၂၀၂၃)ခုနှစ်မှာ အရှိန်တင်ဖော်ဆောင်ခဲ့သော (Smart Card, UID) QRကုဒ် စနစ်၊ မပါဘဲ ခရီးသွားလာခြင်း၊ နိုင်ငံကူးလက်မှတ်(Passport)လုပ်ဆောင်ခွင့် မပြုကြောင်း (၂၀၂၄)ခုနှစ် မေလ(၁၄)ရက်မှာ ကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့ ဖိအားပေးမှုအပြင် ကောက်ယူထားသော အချက်အလက်များကို အသုံးချ၍ ဖိနှိပ်မှုများ၊ ဖမ်းဆီးမှုများကို (၂၀၂၄)ခုနှစ်နှောင်းပိုင်းမှ စ၍လုပ် ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်(၂၀၂၄) ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့မှာလည်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ပြည်ပထွက်ခွာသူများတွင် အမည်ပျက်စာရင်း (Blacklist)သွင်းခံရသူများ ထွက်ခွာခွင့်မပြုရေး အလေးထားဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
ထို့နောက် (UID)ကဒ်အတုပြုလုပ်ပြီး နိုင်ငံကူး လက်မှတ်လျှောက်ထားရာမှာ ပူးပေါင်းပါဝင်သူ(၂၃)ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းကြောင်း၊ (UID)အသုံးပြုပြီး အများပြည်သူအပေါ် စောင့်ကြည့် စိစစ်ဖမ်းဆီးမှုများကို ယန္တရားတစ်ခြအနေဖြင့် အလွယ်တကူ အကောင်ထည် ဖော်နိုင်ကြောင်း သိရသည်။
စစ်ကောင်စီသည် (၂၀၂၅)ခုနှစ် ဧပြီလအထိ အွန်လိုင်းပေါ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူများကို ဖမ်းဆီးမှု (၃)လအတွင်း စုစုပေါင်း (၄၅)ဦး ရှိကြောင်း (MIP)မှ မေလ(၂)ရက်နေ့ထုတ်သည့် အစီရင်ခံစာမှာ ဖော်ပြထားသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#စစ်ကောင်စီကိုဆန့်ကျင်သူ
#တစ်ဦးတစ်ယောက်ချင်းစီကိုစောင့်ကြည့်
#ခြေရာခံနိုင်သောနည်းပညာများ
#မြန်မာအင်တာနက်ပရောဂျက်
#နွေဦးလုံခြုံရေး
#မြင်းကွင်းကျယ်ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်