ခမ်းသားငေါဝ်း
မေလ ၁၈၊ ၂၀၂၅
https://www.facebook.com/share/p/16GXohkXC2/
ဆီဆိုင်မြို့ နောင်ရင်းမြောက်ဘက် စစ်ဆေးရေးဂိတ်တွင် မေလ ၁၆ ရက်နေ့က အလှည့်ကျကင်း စောင့်ပေးသည့်ရွာသားကို PNO ပြည်သူ့စစ်ဗိုလ်လေး တမောင်က စစ်ဆေးရိုက်နက် အနိုင်ကျင့်မှုပြု လုပ်ခဲ့ကြောင်း ဒေသခံများထံ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်ရင်းရွာမြောက်ဘက်တွင် တစ်ရွာ ၅ ဦး အလှည့်ကျ ရွာသားများကင်းစောင့်ပေးနေရပြီး ဂိတ်တာဝန်ကျ PNO ပြည်သူ့စစ်ဗိုလ်လေး တမောင်က ကင်းစောင့် ရွာသားကို စစ်ဆေးရိုက်နက်ခြင်း၊ ဖြတ်သွားဖြတ်လာသည့် ဒေသခံများကို ရိုက်နက်စစ်ဆေး ငွေတောင်းခြင်း ပြုလုပ်နေကြောင်းသိရသည်။
‘’အဲနေ့အလှည့်ကျကောင်လေးက ဆီဆိုင်ဇာတိမဟုတ်ဘဲ ရွာကမိန်းကလေးနဲ့အိမ်ထောင်ကျတာ၊ ပြီးတော့ ထိုင်းကနေပြန်လာတာမကြာသေးဘူး အလှည့်ကျတော့ ကင်းသွားစောင့်ပေးတာ၊ PNO ပြည်သူ့စစ် ဗိုလ်လေးတမောင်က သူမသိတဲ့လူဆိုပြီး အရက်မူးမူးနဲ့ စစ်ဆေးတာ၊ ပအိုဝ်းစာရေးခိုင်း၊ဖတ်ခိုင်း၊ ပအိုဝ်းလိုပြောခိုင်း မယုံရဘူးဆိုပြီး ရိုက်နက်စစ်ဆေးတာ ကောင်လေးကရှိခိုးတောင်းပန်လည်းမရဘူး အဲကောင်လေးမခံနိုင်လို့ထွက်ပြေးသွားတာ ကျန်တဲ့ရွာသားတွေလည်းထွက်ပြေးတယ် ထွက်ပြေးတော့ သေနတ်နဲ့လိုက်ပစ်တာ ကျည်တမက်တောင်ကုန်သွားတယ် ကံကောင်းတော့ လွတ်သွားတယ်။”ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ရွာသားများထွက်ပြေးလွတ်မြောက်သည်ကိုသေနတ်ခိုးယူထွက်ပြေးသည်ဟုစွပ်စွဲကာ လိုက်လံ ဖမ်းဆီးမှုများပြုလုပ်နေပြီး တွေ့လျှင်သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်နေကြောင်းသိရသည်။
ထိုနေ့အလှည့်ကျ ကင်းသွားစောင့်ပေးသည့် ရွာသားများသည် နေအိမ်မပြန်ရဲတော့ဘဲ တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အခက်ခဲများကြုံတွေ့နေရသလို အခြားရွာသားများလည်းPNO ပြည်သူ့ စစ်ကို ကြောက်နေရ ကြောင်းသိရသည်။
ဆီဆိုင်ဒေသခံတစ်ဦးကလည်း ‘’သူတို့ဒီလိုလုပ်တာ စစ်စည်းကမ်းမရှိလို့လား၊ ဒါမှမဟုတ် အထက်လူကြီး မသိလို့လား၊အထက်လူကြီးက ပြည်သူကိုကာကွယ်တာ၊ ဒေသလုံခြုံရေးကိုကာကွယ်တာပြောတယ် အောက်ခြေစစ်သားက ပြည်သူကိုပဲ အနိုင်ကျင့်တယ်၊ ပြည်သူကသူတို့ဂိတ်ကိုစောင့်ပေးနေရတယ် ပြည်သူကသူတို့ကိုကာကွယ်ပေးနေရတယ်အဲလိုဖြစ်နေပြီ၊” ဟု ပြောသည်။
ထိုဗိုလ်လေးတမောင်သည် ဆီဆိုင်ဇာတိမဟုတ်ပဲ ကရင်နီဘက်မှလာပြီး ဆီဆိုင်မြို့ မုဲင်းဗောင်ရွာတွင် အိမ်ထောင်ကျသူဖြစ်ကြောင်း၊ PNO ပြည်သူ့စစ်ထဲ ဝင်သည်မှာ တနှစ်ဝန်းကျင်သာရှိသေးသော်လည်း ဗိုလ်လေးအဆင့်ပေးပြီးနောက် ပြည်သူကို လက်နက်အားကိုးအနိုင်ကျင့်နေကြောင်းသိရသည်။
ပြီးခဲ့သည့် မေလ ၈ ရက်နေ့တွင် PNO ပြည်သူ့စစ်အနေဖြင့် စစ်စည်းကမ်းတင်းကြပ်ရန် စစ်ကောင်စီ ၏အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)မှအမိန့်ထုတ်ညွန်ကြားကြောင်းသိရသည်။
#ppv002
#Humanright
#ဆီဆိုင်
#ဗိုလ်လေးတမောင်
#PNO
#ရွာသားအနိုင်ကျင့်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။