ခမ်းသားငေါဝ်း
မေလ ၁၀၊ ၂၀၂၅

https://www.facebook.com/share/p/1AfFdEGAUP/

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာ မြင်းမထိတောင်တွင် သတ္တုဝင်ရောက်တူးဖော်ခြင်းနှင့် ပတ်သက်ပြီး ကယန်းပြည်သစ်ဗဟိုကော်မတီဝင်အဖွဲ့မှ ကြားဝင် စေ့စပ်ညှိနှိုင်းမှုမှာ သဘောတူညီချက် မချမှတ်နိုင်ခဲ့ကြောင်း မေလ (၁၀)ရက်နေ့မှာ ပရာဒေါင်းဆွေမျိုးစုမှ ထုတ်ပြန် သည်။

လေးပွင့်ကြယ်ကုမ္ပဏီမှ မြင်းမထိတောင် အကြီးစား သတ္တုဝင်‌ရောက်တူးဖော်မှုနှင့် ပတ်သက်၍ ဒေသခံ ပရာဒေါင်းဆွေမျိုးစုနှင့် ညှိနှိုင်းတိုင်ပင်မှု မရှိဘဲ တရုတ်နိုင်ငံမာစတာဝမ် ကုမ္ပဏီနှင့် (၅)နှစ် စာချုပ် ချုပ်ဆိုပြီး လုပ်ငန်းအကောင်ထည်ဖော်မှုအတွက် ဒေသခံမှ ကန့်ကွက် ဆန္ဒထုတ်ဖော်သည်အထိ ရောက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“ဆွေးနွေးညှိနှိုင်းမှုက ဘာဆုံးဖြတ်ချက်မှ မပေးဘူး။ လူထုတင်ပြတောင်းဆိုမှုကိုပဲ လာနားထောင်တဲ့ သဘောပဲ”ဟု ပရာဒေါင်းဆွေမျိုးစု တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

မေလ(၉)ရက်နေ့တွင် ကယန်းပြည်သစ် ဗဟိုကော်မတီဝင်(၁၅)ဦးမှ သိကျိတ်ကျေးရွာ ငိန်းကယန်းထန် ခန်းမဆောင်အတွင်း လေးပွင့်ကြယ် ကုမ္ပဏီနှင့် ပရာဒေါင်းဆွေမျိုးစုအကြား လာရောက် စေ့စပ်ညှိနှိုင်းပေးခဲ့သော်လည်း မည်သည့် သဘောတူ ဆုံးဖြတ်ချက်မှ မချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

သတ္တုတူးဖော်မှုသာ အကောင်အထည်ဖော်ဖြစ်ခဲ့လျှင် ဒေသခံများအတွက် သဘာဝပတ်ဝန်းကျင်များအတွက် ထိခိုက်ပျက်စီးမှုပိုများလာပြီး ‌လာမည့် ဒေသခံ လက်လုပ်လက်စားများအတွက် များစွာ ထိခိုက်စေနိုင်ကြောင်း သိရသည်။

ဒေသခံတစ်ဦးလည်း”ပရာဒေါင်း၏ တွင်းထွက် ပစ္စည်း၊ ရေမြေသယံဇာတ၊ သစ်တော၊ တောရိုင်းတိရိစ္ဆာန်တွေကို ပရာဒေါင်းတွေက ထိန်းသိမ်းရမှာဖြစ်တယ်။ ဒါမှ နောင်လာမဲ့ မျိုးဆက်သစ်တွေတွက် ကျန်မှာ လက်လွတ်စပါယ် တူးဖော်လိုက်မယ်ဆိုရင် ဖြစ်လာမဲ့ သဘာဝဘေးကို ဒေသခံတွေက ခံစားရမှာ”ဟု ပြောသည်။

ပရာဒေါင်းဆွေမျိုးစုမှ လေးပွင့်ကြယ်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီပူးပေါင်း၍ မြင်းမထိတောင် သတ္တုတူးဖော်မှုနှင့် ပတ်သက်ပြီး အပြီးပိုင် နောက်ဆုတ်ရုပ်သိမ်းပေးရန် ကယန်းပြည်သစ်ဗဟိုကော်မတီဝင်များမှ တဆင့် အစည်းအဝေးအတွင်း တရားဝင် ထပ်မံတင်ပြ တောင်းဆိုထားကြောင်း သိရသည်။

ထို့အပြင် လေးပွင့်ကြယ် ကုမ္ပဏီမှ မေလ(၁၆)ရက် နောက်ဆုံးထားပြီး တာဝန်ရှိပုဂ္ဂိုလ်များမှအစ ကုမ္ပဏီ လုံခြုံရေးများ၊ လုပ်သားများ၊ စက်ယန္တရားများ မြင်းမထိတောင် လုပ်ငန်းခွင်အတွင်း အမြန်ဆုံး ဆုတ်ခွာ ထွက်သွားပေးရန် တောင်းဆိုထားသည်။

သတ်မှတ်သည့် ရက်အတွင်း ဆုတ်ခွာခြင်းမရှိပါက ဖြစ်လာမည့် နောက်ဆက်တွဲဆိုးကျိုးကိစ္စရပ်များ အားလုံးကို ပရာဒေါင်းဆွေမျိုးစုမှ တာဝန်ယူမည် မဟုတ်ကြောင်းနှင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးကိစ္စရပ်များအားလုံးကို လေးပွင့်ကြယ်ကုမ္ပဏီနှင့်သာ သက်ဆိုင်ကြောင်း ထုတ်ပြန်ထားသည်။

မြင်းမထိတောင်တွင် ပြည်သူလူထုနှင့်ဦးစွာ ညှိနှိုင်းမှုမရှိဘဲ အကြီးစား သတ္တုတူးဖော်မှုကို ပရာဒေါင်းဆွေမျိုးစုနှင့် ဒေသခံများက သိကျိတ်‌ကျေးရွာအတွင်း ဆန္ဒထုတ်ဖော်နေသည်မှာ (၇)ရက်ရှိပြီ ဖြစ်ကြောင်း သိရသည်။

လေးပွင့်ကြယ်ကုမ္ပဏီနှင့်တရုတ်ကုမ္ပဏီပူးပေါင်း သတ္တုတူး‌ဖော်မှုအတွက် နောက်ဆုတ်ခြင်းမရှိလျှင် လက်ရှိ ပရာဒေါင်းဆွေမျိုးစုက ထုတ်ပြန်ချက် အတိုင်းဆက်လက် အကောင်အထည်ဖော် ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

#PPV0011
#နိုင်ငံရေး
#ပရာဒေါင်း
#သတ်တု
#မြင်သမထိ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။