ခမ်းသားငေါဝ်း
မေ ၇၊ ၂၀၂၅

https://www.facebook.com/share/p/19eC3zc7gf/

လားရှိုးမြို့ကို စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားပြန်လည်စတင်နေပြီး ဆေးရုံးကြီးကို မေလ(၅)ရက်နေ့က ဗိုလ်မှူးချုပ် အေးမင်းဦး ကိုယ်တိုင် ဦးဆောင်ကာ ဖွင့်လှစ်ခဲ့ကြောင်း ယနေ့တွင် သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို MNDAAက မြို့တွင်း ဆုတ်ခွာအပြီး စစ်ကောင်စီဘက်မှ အုပ်ချုပ်‌ရေး လုပ်ငန်းများ ပြန်လည်စတင်ကာ မေလ(၅)ရက်နေ့က စပြီး ဆေးရုံကြီး ပြန်လည်ဖွင့်လှစ်ပြီး ပြင်ပလူနာများစတင် လက်ခံကုသပေးနေကြောင်း ဒေသခံထံမှ သိရသည်။

“ဟုတ်တယ်ဗျ မေလ(၅)ရက်က စတင်ဖွင့်တယ်။ လူနာတွေလည်း သွားကြတယ်။ အဲ့နေ့က ဖွင့်ပွဲမှာ လောက်ကိုင်တိုက်ပွဲတုန်းက အဖမ်းခံရပြီး ပြန်လွတ်လာတဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးနဲ့ တခြားတပ်သားတွေလည်း ပါတယ်။ သူ့ကို ရမခ တိုင်းမှူးအဖြစ် ပြန်ခန့်တယ်ကြားတယ်။သူဦးဆောင်ဖွင့်လှစ်တယ်”ဟု လားရှိုးဒေသခံက ခမ်းသားငေါဝ်းကို ပြောသည်။

တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် MNDAA ဖက်မှ မြို့တွင်း ဧပြီလ(၂၀)ရက်နောက်ပိုင်း ဆုတ်ခွာအပြီး ယခင် (၁၀၂၇)စစ်ဆင်ရေးက အခြားမြို့သို့ စစ်ဘေးရှောင်ခဲ့ကြသည့် ဒေသခံများလည်း ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

“အခြေအနေက ဘယ်လိုလဲ ဆိုတာကို စောင့်ကြည့်ရင်း စောင့်ကြည့်ရင်း အခုတော့ ကိုယ့်အိမ်ကိုပြန်‌လာခဲ့ပြီး။ အိမ်ထဲမှာတော့ ဘာမှ မကျန်တော့ဘူးပေါ့ သူခိုးတွေက အိမ်တံခါးကအစ မ သွားကြတယ်။ အစကနေပြန်စရမှာပေါ့”ဟု ဒေသခံ အမျိုးသမီး(၁)ဦးက ပြောသည်။

လားရှိုးမြို့ပတ်လည်မှာ MNDAA တပ်ဖွဲ့များ ရှိနေသော်လည်း အစစ်ဆေး အမေးမြန်း မရှိဘဲ အေးဆေး ဖြတ်သန်းသွားလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

တစ်ဖက်မှာလည်း မြို့တွင်း သူခိုး ဓားပြ လူသတ်ကောင် ပေါများနေပြီး ရပ်ကွက်တစ်ခုနှင့် တစ်ခု ဖြတ်သန်းသွားလာဖို့ကို စိုးရိမ်ကြောက်ကြမှု ရှိနေပြီး ဤကိစ္စနှင့် ပတ်သက်ပြီး တာဝန်ရှိသူမှ အများဆုံး ဖြေရှင်းစေလိုကြောင်း ဒေသခံက ပြောသည်။

“သူခိုး၊ ဓားပြ၊ လူသတ်ကောင် လူရိုက်လုတဲ့ကောင်တွေကို ဘယ်အချိန်ဖမ်းပြီး အရေးယူပေးမလဲပေါ့။ အခုက ညမပြောနဲ့ နေ့ခင်းတောင် မလုံခြုံတော့ဘူး။ အမြန်ဆုံး ဖြေရှင်းပေးစေချင်တယ်ဗျာ”ဟု အမည်မဖော်လိုသည့် ဒေသခံ သတင်းရင်းမြစ်က ခမ်းသားငေါဝ်းကို ပြောသည်။

စစ်ကောင်စီ၏ ဗိုလ်မှူးချုပ် အေးမင်းဦးသည် လောက်ကိုင်တိုက်ပွဲက အမှတ် (၁၄)စစ်ဆင်ရေး ကွပ်ကဲရေး ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး MNDAA တပ်ဖွဲ့ထံ အလံဖြူထောင် အညံ့ခံခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူ ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့ကို MNDAAတပ်ဖွဲ့မှ (၂၀၂၄)ခုနှစ် ဩဂုတ်လ(၃)ရက်နေ့က အပြီးတိုင် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် (၈)လကျော်ကြာမှာ မြို့ထဲ ပြန်လည်ဆုတ်ခွာပြီး လက်ရှိမှာ စစ်ကောင်တပ်ဖွဲ့ဝင်မှ အုပ်ချုပ်ရေး လုပ်ငန်းများ ပြန်လည် စတင်နေကြောင်း သိရသည်။

PPV0011
ပုံ – Crd
#လားရှိုးမြို့
#MNDAA
#မြို့တွင်းမှဆုတ်ခွာ
#အုပ်ချုပ်‌ရေးလုပ်ငန်းများ
#ပြန်လည်စတင်
#ဆေးရုံကြီးပြန်လည်ဖွင့်လှစ်
#ပြင်ပလူနာများစတင်လက်ခံကုသပေး

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7