ခမ်းသားငေါဝ်း
မေလ ၃၊ ၂၀၂၅

https://www.facebook.com/share/p/1ZG9BJxB5f/

သတင်းစာဆရာတွေကို အကျဉ်းချရာမှာ အဆိုးဆုံးတိုင်းပြည်သည် တရုတ်၊ အစ္စရေးနှင့် မြန်မာတို့က ထိပ်ဆုံး(၃)နိုင်ငံအဖြစ် ရပ်တည်နေကြောင်း မေလ (၃)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အတွက် Exile Hubမှ World Press Freedom Statement ထုတ်ပြန်ချက်အရသိရ သည်။

သတင်းလွတ်လပ်ခွင့်သည် လွတ်လပ်ငြိမ်းချမ်းပြီး တရားမျှတမှုကို လိုလားသော လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်သော အခြေခံရပိုင်ခွင့်ဖြစ်သော်လည်း မြန်မာနိုင်ငံရှိ သတင်းမီဒီယာသမားတို့သည် လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် တရားမျှတခြင်းတို့ကို အလေးမထားသော အဖွဲ့အစည်း၏ ပစ်မှတ်အဖြစ် သတ်မှတ်ခံရကာ ရန်လိုမုန်းတီးမှု၊ ဖိနှိပ်ရန်ပြုမှုတို့ကို ခေတ်အဆက်ဆက် ခံစားရလျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်သည့် သတင်းလွတ်လပ်ခွင့် ညွန်းကိန်းသည် မြန်မာနိုင်ငံက အဆင့် (၁၇၁)ဖြစ်ပြီး သတင်းသမားများအတွက် အန္တာရာယ်အများဆုံး နိုင်ငံစာရင်းတွင် ပါဝင်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်အတွက် ငြိမ်းချမ်းစွာ စည်းရုံးလှုပ်ဆော်မှု၊ နေအိမ်ဖျက်ဆီးခံရမှု၊ သို့မဟုတ် အတင်းအဓမ္မ ပြည်နှင်ဒဏ်ခံခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရသည့် သတင်းထောက် အရေအတွက် တိုးလာလျက်ရှိကြောင်း ဖော်ပြထားသည်။

မျှော်လင့်မထားသော ဆုံးရှုံးမှုများနှင့် ကြီးမားသော စိန်ခေါ်မှုများကြားတွင် ဂျာနယ်လစ်များစွာသည် တရားမျှတမှုနှင့် ဒီမိုကရေစီအတွက် မြန်မာနိုင်ငံရေးအကြပ်အတည်းကာလကြား ဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း ဖော်ပြထားသည်။

“လွတ်လပ်တဲ့ သတင်းမီဒီယာကဏ္ဍဟာ ကျွန်တော်တို့မှာ ကျန်ရှိနေသေးတဲ့ လက်နက်အနည်းငယ်ထဲက တစ်ခုပဲဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဘက်ကနေ အမှန်တရားကို အကြောင်းအမျိုးမျိုးနဲ့ ဖုံးဖိဖို့ ကြိုးစားနေတဲ့အချိန်မှာ ကျွန်တော်တို့ အနေနဲ့ ပေါ့တ်ကာစ်တွေ၊ သတင်းစာစောင်တွေ၊ အွန်လိုင်းမှ ရေးသားတင်ပြမှု စတာတွေကနေတဆင့် အမှန်တရားကို ဆက်လက်ဖော်ထုတ်နေကြတာပါ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက တရားမျှတမှုဟာ အာဏာရှင်တွေအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာတဲ့ အခုလိုအမှောင်ခေတ်မှာ သတင်းစာပညာဟာ အသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့သာ မဟုတ်တော့ဘဲ အသက်သွေးကြောတစ်ခု၊ အကာအကွယ်တစ်ခု၊ လက်နက်တစ်ခု ဖြစ်တာအပြင် တော်လှန်ရေး နည်းနာတစ်မျိုးလည်း ဖြစ်ပါတယ်။ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဟာ လွတ်လပ်စွာရေးသားခွင့်၊ ပြောဆိုခွင့်၊ မေးခွန်းထုတ်ခွင့် စတာတွေပါဝင်တဲ့ ဒီမိုကရေစီတိုက်ပွဲ ဖြစ်ကြောင်း ထပ်လောင်း သတင်းပေးချက်တစ်ခုဖြစ်ပါတယ်”ဟု Towards Media မှ Co-founder & Program Director ဖြစ်သူက ပြောကြားထားသည်ကို ဖော်ပြထားသည်။

ထို့အပြင် သတင်းထောက်ဖြစ်သည့် မ Esther မှ ” Press Freedom Day မှာ ပြောချင်တာကတော့ သတင်းထောက်တစ်ယောက်အနေနဲ့ ကျမကတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိတဲ့ လူ့အဖွဲ့အစည်းကို ရရှိဖို့ အမြဲတမ်း မျှော်မှန်းပါတယ်။ ကျမတို့ လူ့အဖွဲ့အစည်းမှာ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိဖို့ကိုလည်း အမြဲတမ်း တိုက်ပွဲဝင်သွားမှာပါ။ ဘာလို့လဲဆိုတော့ ဒါဟာ အခြေခံအကျဆုံး လူ့အခွင့်အရေးတစ်ရပ်ဖြစ်တယ်။ ဒီအခွင့်အရေးမှ မရှိတော့ဘူးဆိုရင် လူတွေဟာ အာဏာရှင်တွေ၊ အုပ်ချုပ်သူတွေနဲ့ သူတို့အပေါင်းအပါတွေ ဖိနှိပ်တာကို ခံနေရအုံးမှာပဲ” ဟု ဖြေကြားထားသည်ကို ဖော်ပြထားသည်။

သတင်းသမားများ ဖိနှိပ်မှုများစွာကြားတွင် သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားကြသော သတင်းမီဒီယာများ၊ သတင်းသမားများ၊ လူထုသတင်းသမားများနှင့် သတင်းရင်းမြစ်များသည် အခက်အခဲ၊ အတားအဆီး၊ အန္တာရာယ်ပေါင်းများစွာကြားကပင် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်တို့ကို စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်နေသည့်အပေါ် Exile Hub မှ လေးစားဂုဏ်ယူကြောင်း ဖော်ပြထားသည်။

#PPV011
#world press freedom day
#သတင်းလွတ်လပ်ခွင့်
#မီဒီယာ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။