ခမ်းသားငေါဝ်း
မေ ၁၊ ၂၀၂၅

https://www.facebook.com/share/p/1BPLskZKYB/

လားရှိုးမြို့တွင် သူခိုး၊ဓားပြ ပိုဆိုးရွားလာပြီး ဒေသခံများအနေဖြင့် နေ့လည်နေ့ခင်း အပြင်သွားလာရာမှာ လုံခြုံမှု စိုးရိမ်နေရကြောင်း မေလ(၁)ရက်နေ့တွင် ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု မကြာခဏဖြစ်ပေါ်နေပြီး ယမန်နေ့ ဧပြီလ(၃၀)ရက်မှာလည်း နေ့ခင်းဘက်နေအိမ်အတွင်း ဈေးလာဝယ်သည့် ပုံစံဖြင့် အမျိုးသား(၁)ဦးမှ ဓားပြတိုက် လုယက်မှုတွင် ငွေသားနှင့် ရွှေပါသွားကြောင်း ဒေသခံထံမှ သိရသည်။

“တစ်ရက်တစ်ရက်ကို ကြားရတာက ဘယ်နေရာမှာ ဘယ်လို လုယက်တာ၊ ဘယ်လိုဓားပြတိုက်တာဆိုတာ အခု ပိုဆိုးတယ်။ မနေ့က မနက်ပိုင်း(၁၁)နာရီမှာ ဈေးလာဝယ်တဲ့ ပုံစံနဲ့ လုပ်သွားတာ ဆွဲကြိုးနဲ့ လက်ကောက်၊ ပိုက်ဆံပါသွားတယ်။ လူဘာမှ မဖြစ်တာ ကံကောင်းတယ်ပဲ ပြောရမယ်ရှင်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ထို့အပြင် မနေ့က ဧပြီလ(၃၀)ရက်ထဲမှာပဲ လားရှိုးမြို့ ဘူတာလမ်း၊ ရပ်ကွက်(၉)၊ နယ်မြေ(၃)နားတွင် အမျိုးသား(၁)ဦးကို သူခိုးဓားပြ (၁၀)ယောက်မှ ဓားဖြင့် လိုက်ခုတ်မှု ဖြစ်ပွားကြောင်း သိရသည်။

“ဘူတာဖက်မှာလည်း အဲ့လိုတွေ ခဏခဏဖြစ်တယ်။ ဖြစ်လိုက်ရင် ဆေးရုံဆေးခန်းလည်း အခုချိန်မှာ အတည်တကျမရှိသေးတော့ ခက်ခဲတယ်။ တစ်ယောက်တည်းအပြင်သွားတာ မဟုတ်လည်း အန္တရာယ်မကင်းဘူး။ ဓားနဲ့ခုတ်တဲ့သူက (၁၀)ယောက်လောက်ရှိတယ်။ လားရှိုးလူကြီးအပြောင်းအကူးကာလမှာ တအားဆိုးတယ်။ ဟိုတလောဓားခုတ်ခံရတဲ့ ဦးလေးဆို ဒဏ်ရာကြီးကြီးနဲ့ ဆုံးသွားတယ်ကြားတယ်”ဟု ဖြစ်စဉ်သိရှိသူ(၁)ဦးက ပြောသည်။

အလားတူ လားရှိူးမြို့၊ ရပ်ကွက်(၇)မှာလည်း ဧပြီလ(၃၀)ရက် နံနက်(၃)နာရီဝန်းကျင်မှာ နေအိမ်တအိမ်သို့ အိမ်တံခါးလာ‌ခေါက်သည့် သူခိုးဓားပြ(၄)ဦးကို အိမ်ရှင်မှ လုံးထွေးဖမ်းဆီးရာ (၂)ဦးဖမ်းမိပြီး ကျန်(၂)ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ(၂၄)ရက်မှာ လားရှိုးသို့ မင်္ဂလာဓာတ်ပုံ သွားရိုက်သည့် စုံတွဲလည်း ဓားပြတိုက်ခံရကာ ကား(၁)စီးနှင့် ငွေသိန်း(၁၀၀)ပါသွားကြောင်း သိရသည်။

ဧပြီလ (၂၃)ရက်မှာလည်း စာသင်ရင်းပြန်လာသည့် အမျိုးသမီး(၁)ဦးကို ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် MNDAA ဆုတ်ခွာပြီး စစ်ကောင်စီမှ ပြန်လည်အုပ်ချုပ်သည့် ကြားကာလမှာ ခိုးဆိုးလုယက်မှု ပိုမိုဆိုးရွားလာပြီး ဒေသခံများအနေဖြင့် ဘယ်သွားသွား သတိဖြင့် သွားလာကြရန် လိုအပ်ကြောင်း ဒေသခံတစ်ဦးက ပြောထားသည်။

PPV0011
ပုံ-အွန်လိုင်း
#မှုခင်း
#လားရှိုးမြို့
#ခိုးမှု
#လုယက်မှု
#ဓားပြတိုက်မှု
#ဈေးလာဝယ်သည့်ပုံစံ
#ဓားပြတိုက်
#လုယက်မှု
#ငွေသားနှင့်ရွှေပါသွား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7