ခမ်းသားငေါဝ်း
ဧပြီ ၂၆၊ ၂၀၂၅
https://www.facebook.com/share/p/18WcYd6irS/
အင်းလေးဒေသတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့သည့် ကျေးရွာများ၌ မိုးရာသီမရောက်ခင် နေအိမ်တဲများ ဆောက်လုပ်ရန်နှင့် စိတ်ပိုင်းဆိုင်ရာ ကုစားမှုများ လိုအပ်လျှက်ရှိကြောင်း ဧပြီလ(၂၆) ရက်ကသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပြီးခဲ့သည့် မတ်လ(၂၈)ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်နှင့် နောက်ဆက်တွဲ ငလျင်များကြောင့် ထိခိုက်ပျက်စီးမှု များပြီး ပြန်လည်ထူထောင်ရေး ကူညီပေးသူများ ရှိသော်လည်း ပျက်စီးသွားသည့် နေအိမ်များအားလုံးပြန်ကာမိရန်အတွက် အကူအညီလိုအပ်နေဆဲ ဖြစ်ကြောင်း ကူညီပေးနေသူထံမှ သိရသည်။
“အများစုကတော့ ရေပေါ်အိမ်တွေဆိုတော့ ပြန်နေဖို့ အိမ်ပြန်ဆောက်ရင် မိသားစုတစ်စုအတွက် အနည်း ဆုံး သိန်း(၄၀)လောက်ကုန်တယ်။ အလှူငွေကူညီလှူတန်းပေးနေသူ၊ လူအားဖြင့် ကူညီပေးနေသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ဒေသက ပျက်စီးသွားတဲ့ အိမ်ထောင်စုကလည်း များတယ်လေ မိုးမရောက်ခင် အကုန်ပြန်တည်ဆောက်နိုင်ဖို့က အကူအညီတွေ များစွာ လိုအပ်နေသေးတာကို တွေ့ရတယ်”ဟု ကူညီပေးနေသူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
အင်းလေးဒေသတွင် နေအိမ်ပျက်စီးဆုံးရှုံးမှုများစွာ ရှိပြီး အဓိကအားဖြင့် ကေလာ၊ဇရပ်ကြီး၊ ရွှေပြည်သာ၊ သလဲဦး၊ အိုင်ထောင့်ကြီး၊ မြောင်းဝကြီး၊ ရှေ့ဝကြီး၊ အင်းပေါခုံ၊နန်းပန်၊ ကြာတောရွာတို့တွင်ပျက်စီးအိမ်ခြေပေါင်း (၂၆၀၀)ကျော်ရှိကြောင်း သိရသည်။
အင်းလေးဒေသတွင် နေအိမ်ပျက်စီးဆုံးရှုံးမှုအပြင် ထိခိုက်သေဆုံးမှုလည်းများပြီး နေအိမ်ထိခိုက်ပျက်စီးသွားသည့် နေရာများတွင် ကလေး၊လူကြီးမှအစ စိတ်ပိုင်းဆိုင်ရာ ကုစားမှုများ လိုအပ်နေကြောင်း သိရသည်။
ကူညီပေးသူအမျိုးသားက”ကျွန်တော်တို့နိုင်တဲ့ဖက်က သွားကူကြတဲ့အချိန်တုန်းကဆို ဘာပြောလို့ ပြောရမှန်းတောင် မသိဘူးဗျာ၊ တကယ်သူတို့စကားပြောလိုက်ရင် မျက်နှာမှာ မျက်ရည်တွေနဲ့ စကားတောင် မပြောနိုင်တော့လောက်အောင် စိတ်ထိခိုက်နေကြတာ မြင်သာတယ်။ ကလေးတွေဆိုလည်း ငိုင်နေကြတာ။ ကျွန်တော်တို့တောင် စိတ်ကိုအများကြီး ပြင်ဆင်သွားတာတောင် အဲ့လိုဖြစ်တယ်။လုပ်နိုင်တဲ့သူ ကူနိုင်တဲ့သူ ကူညီကြဖို့ ဒီအပိုင်းအတွက်လည်း ကျွန်တော်အကူအညီတောင်းချင်ပါတယ်ဗျာ”ဟု ပြောသည်။
အင်းလေးဒေသရှိ ကျေးရွာအချို့တွင် ယခုချိန်ရေခန်းသောကြောင့် သွားလာရေးပိုင်းလည်း အဆင်မပြေမှုရှိသည့်အပြင် သုံးရေများအတွက်ပါ အခက်ခဲ ရှိနေကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသအပါအ ဝင် မြန်မာတစ်ဝန်းတွင် မတ်လ(၂၈)ရက်က လှုပ်ခပ်ခဲ့ငော ငလျင်ကြောင့် လူပေါင်း(၄၄၂၆)ဦး သေဆုံးပြီး (၁၁၃၆၆)ဦးထိခိုက် ဒဏ်ရာရကာ နေအိမ်အဆောက်အဦးများစွာ ထိခိုက်ပျက်စီးဆုံးရှုံးမှု ရှိခဲ့ကြောင်း သိရသည်။
#PPV0011
#ပြန်လည်တည်ထောင်ရေး
#အင်းလေး
#စိတ်ပိုင်းဆိုင်ရာ
#သဘာဝဘေး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။