ခမ်းသားငေါဝ်း
ဧပြီ ၂၆၊ ၂၀၂၅

https://www.facebook.com/share/p/1Abiiwtoex/

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် (၈)လအတွင်း အပြင်လူနာ၊ အတွင်းလူနာ စုစုပေါင်း (၉၅,၂၅၈)ဦး MNDAA ၏ အထူးဒေသ(၁)ကျန်းမာရေး ဝန်ထမ်းများက ဆေးကုသပေးနိုင်ခဲ့ကြောင်း MNDAAမှ ဧပြီလ(၂၆)ရက်က ထုတ်ပြန်ထားသည်။

မြို့အတွင်း MNDAAတပ်ဖွဲ့များ အုပ်ချုပ်စဉ်ကာလအတွင်း လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၂၀၂၄)ခုနှစ် စက်တင်ဘာ(၁၀)ရက်မှ (၂၀၂၅)ခုနှစ် ဧပြီလ(၈)ရက်နေ့အထိ (၈)လကြာ ကျန်းမာရေး ကဏ္ဍတွင် အောင်မြင်စွာ လည်ပတ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အထူးဒေသ(၁)ကျန်းမာရေး ဝန်ထမ်းများသည် ပြည်သူများအတွက် စိန်ခေါ်မှုများစွာကြားမှ ဌက်ဖျားကာကွယ်ရေး လုပ်ငန်းစဉ်များ၊ မွေးကင်းစမှ (၅)နှစ်အောက်ကလေးငယ်တိုင်း ကာကွယ်ရေးထိုးနှံရေး လုပ်ငန်းများ၊ လည်ပင်းကြီးရောဂါ အခမဲ့ ခွဲစိတ်ကုသပေးခြင်း၊ မျက်စီအတွင်းတိမ် အခမဲ့ခွဲစိတ်ကုသပေးခြင်း၊ ခြေတုလက်တု အခမဲ့တပ်ဆင်ပေးခြင်းနှင့် အခြားသော ကျန်းမာရေးလုပ်ငန်းစဉ်များစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

MNDAAအုပ်ချုပ်စဥ် ဆေးကုသမှုစာရိတ် ကြီးမာကြောင်း ဝေဖန်ချက်အပေါ် ဆေးရုံတာဝန်ရှိသူတစ်ဦးမှ “အရင်က ပါရာစီတမောတစ်ကဒ်(၁၀၀၀) လောက်ပဲ ရှိခဲ့ရာကနေ အခုလက်ရှိဈေး နှစ်ဆလောက် ခုန်တက်သွားတာကို ကြည့်ပြီး အရင်ကဆေးရုံစရိတ်နဲ့ အခုမတူနိုင်တော့တာလေး ထည့်တွေးကြည့်ကြစေချင်တယ်ဗျာ၊ မြို့သိမ်းတိုက်ပွဲပြီးလို့ ဆေးရုံစဖွင့်မယ်လုပ်တော့ သုညကနေ စခဲ့ကြရတာပါ၊အပျက်အစီးအပျောက်အဆုံးကြားကနေ ပြန်လည်စတင်လည်ပတ်ခဲ့ကြရတာပါ၊ ပိတ်ဆို့နေတဲ့လမ်းကြောင်းကနေ ဆေးဝါးပစ္စည်းကိရိယာတွေကို မရရအောင် ဖန်တီးယူပြီး ပြည်သူတွေအတွက် ကျန်းမာရေးကဏ္ဌကိုအကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်‌ဆောင်ခဲ့ကြပါတယ်၊ အဲ့ဒီအတွက် ဆေးရုံဘတ်ဂျက်ကနေ သိန်းပေါင်း သိန်းချီပြီးအရှုံးပေါ်ခဲ့ပေမဲ့ ကျန်းမာရေးကဏ္ဍကို အကောင်းဆုံး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်”ဟု ပြောကြားထားသည်ကို ဖော်ပြထားသည်။

နိုင်ငံရေး ဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက် များစွာဝမ်းနည်းရကြောင်း လည်းဖော်ပြထားသည်။

ထို့အပြင် MNDAAက လားရှိုးမြို့မှ ဆုတ်ခွာစဉ် ဆေးရုံရှိ ပစ္စည်းများကို သယ်ယူပြောင်းရွှေ့မှုအတွက် သတင်းဌာနများမှ ရေးသားဖော်ပြမှုအပေါ် ကျန်းမာရေးတာဝန်ရှိသူမှ ပြန်လည်‌ရှင်းပြပေးမှုကိုလည်း တွေ့ရသည်။

“အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောချင်တာ ကျွန်တော်တို့ဆေးရုံပိတ်ရတဲ့ရက်နဲ့ စစ်ကောင်စီက ပြန်လည်တာဝန်ယူမဲ့ရက်က တစ်ပတ်လောက်ကွာနေပါတယ်၊ ဥပမာတစ်ခုပြောရရင် ကျောက်ကပ်ဆေးတဲ့စက်ကို ယူသွားရတဲ့ အကြောင်းရင်းပါ၊ ဆေးရုံမှာ ကျောက်ကပ်လာဆေးတဲ့ လူနာများစွာရှိပါတယ်၊ တစ်ပတ်ကို ကျောက်ကပ်ဆေးလူနာ(၅၀)ဦးရှိပြီး တစ်ပတ်အတွင်း ကျောက်ကပ်မဆေးရရင် အသက်ဆုံးရှုံးနိုင်တဲ့လူနာတွေလဲ ရှိပါတယ်၊အဲ့ဒါကြောင့် ကျောက်ကပ်ဆေးတဲ့စက်ကို လမ်းခရီးအနီးဆုံးဖြစ်တဲ့ သိန္နီဆေးရုံကြီးမှာ ရွှေ့ပြောင်းထားခဲ့တာဖြစ်ပါတယ်၊ ပြီးတော့ အရေးတကြီးလိုအပ်တဲ့စက်ပစ္စည်း၊ ဆေးဝါး ၂၀%လောက်ဘဲ ယူသွားခဲ့တာပါ၊ ပြည်သူတွေကို အကောင်းဆုံး လုပ်ပေးခဲ့တဲ့အပေါ် ကျေနပ်အားရပေမဲ့ နိုင်ငံရေးအရ အခုလိုမဖြစ်မနေထားခဲ့ရတာကို စိတ်မကောင်း ဖြစ်မိပါတယ်”ဟုကျန်းမာရေး တာဝန်ရှိသူ(၁)က ဖြေကြားထားသည်ကို ဖော်ပြထားသည်။

လားရှိုးမြို့ ပြန်လည်ထူထောင်ရေးတွင် ပါဝင်သည့် အမျိုးသမီးတစ်ဦးက “လားရှိုးရောက်ခါစမှာ မြို့ကစုတ်ပြတ်သတ်နေတာဘဲ၊မြို့သိမ်းတိုက်ပွဲပြီးတော့ မကြာဘူး စစ်ကောင်စီက လေကြောင်းဗုံးကျဲတာများ ဆက်တိုက်ဘဲ၊အဲ့ဒီကတည်းက ဆေးရုံကြီးကိုဘဲ အားကိုးခဲ့ရတာ၊ဘယ်ဆေးရုံဆေးခန်းမှ မဖွင့်သေးဘူး၊အဲ့ဒီအချိန်ကစပြီး အချိန်အတိုင်းအတာတစ်ခုအထိ အခမဲ့ဆေးကုသပေးခဲ့ပါတယ်၊ကဏ္ဌတစ်ခုစီတိုင်းကို အစကနေစခဲ့ရတဲ့ကျွန်မတို့တော့ အခြေအနေကိုနားလည်ပါတယ်၊ ဘေးထိုင်ဘုပြောပြီး ရေးချင်တာရေးကြတဲ့လူတွေကိုဘဲ နားမလည်တာပါ”ဟု ဖြေကြားထားသည်ကို တွေ့ရသည်။

လက်ရှိလားရှိုးမြို့တွင် MNDAA၏ ဌာနဆိုင်ရာများ အားလုံး မြို့တွင်းမှ ဆုတ်ခွာခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များက မြို့တွင်း ပြန်လည်နေရာယူထားပြီး ပြန်လည်အုပ်ချုပ်ရန် ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

#PPV0011
#ကျန်းမာရေး
#လားရှိုး
#MNDAA

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။