ခမ်းသားငေါဝ်း
ဧပြီ ၂၅၊ ၂၀၂၅
https://www.facebook.com/share/p/1AVfhBukge/
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာတွင်ဘိလပ်မြေအတု ရောစပ်ရောင်းချသည့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကိုစစ်ဆေးဖမ်းဆီးခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဧပြီလ ၂၃ ရက်က ဘိလပ်မြေအရောင်းဆိုင်များ ဈေးနှုန်းမှန်ကန်မှု ရှိစေရေးအတွက် အဖွဲ့စုံဖြင့် လိုက်လံစစ်ဆေးစဉ် အေးသာယာမြို့၊ ရပ်ကွက်(၅)၊ အမှတ် (၅၃)ရှိ “ပြည့်စုံအောင်” ဘိလပ်မြေဂိုဒေါင် အတွင်း ကျောက်မှုန့်များနှင့် ဘိလပ်မြေများရောစပ်ပြီး ဘိလပ်မြေအိတ်ခွံများအတွင်း ထုပ်ပိုးနေသည်ကို တွေ့ရှိ ခဲ့ကြောင်း သိရသည်။
“သူက ရုတ်တရက် မသိလိုက်တာလား ၊ အငိုက်မိသွားတာလား မသိဘူး၊ အဖွဲ့စုံနဲ့ လာပြီး စစ်ဆေးတာ ဒီလိုလည်း မထင်ဘူးလေ။ ကျောက်မှုန့်နဲ့ ရောနေတာကို သိလိုက်တဲ့ အချိန်မှာပဲ ချက်ချင်း အဖွဲ့စုံနဲ့ စစ်ဆေးပြီး အမှုဖွင့်လိုက်တာပဲ ၊ ဆိုင်နာမည်က လူတိုင်းသိနေပါပြီ။ ပြည်စုံအောင် ဂိုထောင်မှာပါ။” ဟု အေးသာယာမြို့ခံ တစ်ဦးကပြော သည်။
ဘိလပ်မြေများကို ရောစပ်ရာတွင် ပါဝင်သော တံဆိပ်များသည် CANDA တံဆိပ် ၊ APACHE တံဆိပ် ၊ SHAN YOMA တံဆိပ် တို့ ဖြစ်ကြပြီး ၊ လုပ်ငန်းသုံး ပစ္စည်း ကိရိယာများကိုလည်း တွေ့ရှိ သိမ်းဆည်းခဲ့ရကြောင်း သိရသည်။
အထက်ပါ အကြောင်းအရာနှင့်ပတ်သက်၍ ဘိလပ်မြေအတုပြုလုပ်သူများဖြစ်သော ဆိုင်ပိုင်ရှင်နှင့် အလုပ်သမား (၇) ဦးကို အေးသာယာနယ်မြေရဲစခန်း တွင် ရာဇသတ် ကြီးပုဒ်မ -၄၂၀/၄၆၈/ ၄၈၆/ ၁၁၄တို့နဲ့ အမှုဖွင့်အရေးယူထားကြောင်း သတင်း သိရသည်။
ထို့အပြင်ဈေးကွက်အတွင်း ဘိလပ်မြေဈေးနှုန်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချသည့် ဆောက်လုပ်ရေးပစ္စည်းဆိုင် (၆၂) ဆိုင်အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ထားသည်။
မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီးလှုပ်ခတ်မှုနှင့်ဆက်စပ်၍ ဈေးကွက်၌ ဘိလပ်မြေဝယ်လိုအား မြင့်တက်ခဲ့သဖြင့် အဆမတန်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမရှိစေရေးအတွက် ကြပ်မတ်ခြင်းဖြစ်ကြောင်းဆိုထားသည်။
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် သုံးမြို့နယ်မှ ဆောက်လုပ်ရေးသုံး ပစ္စည်းဆိုင် ၅၉ ဆိုင်တို့ကို ဧပြီ ၂၃ ရက်တွင် ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့များက ဆောက်လုပ်ရေးပစ္စည်းဆိုင် (၃၂၀)ဆိုင်ကို စစ်ဆေးချက်တွေ့ရှိချက်များအရ ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်းအထိ အမြတ်ယူရောင်းချလျက်ရှိသည့် ဆောက်လုပ်ရေးပစ္စည်းဆိုင် (၃၀) ဆိုင်၊ ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်းနှင့်အထက် အမြတ်ယူရောင်းချလျက်ရှိသော ဆောက်လုပ်ရေးပစ္စည်းဆိုင် (၃၂)ဆိုင်ရှိကြောင်းသိရသည်။
ဘိလပ်မြေအိတ်များအား မသမာသည့် နည်းလမ်းဖြင့် ပြုလုပ်ရောင်းချသည့် တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း၊ ရတနာသီရိရပ်ကွက် ပြည့်စုံအောင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် စိုးတင့်အောင် အပါအဝင် (၈) ဦးတို့ကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အိမ်ဆောက် ပစ္စည်းများကို ဈေးနှုန်းမြင့်မားစွာ မြှင့်တင်ရောင်းချသူများကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
photo credit
#PPV-006
#social
#ဘိလပ်မြေ
#အေးသာယာ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။