၂၀၂၅ ဧပြီလ ၂၁ ရက်

သျှမ်းသံတော်ဆင့်/ ခမ်းသားငေါဝ်း/ MFCN/ The Red Flag

Fact Check – အချက်လက်စစ်ဆေးခြင်း

ရုပ်သံဟောင်းကို အသုံးပြုပြီး ထိုင်းနိုင်ငံတွင် တကျော့ပြန် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦပြိုကျပြီး လူတွေအလုအယက် ထွက်ပြေးနေရလောက်အောင် သတင်းအမှား ဖြန့်ချိနေပါသည်။

အဆိုပါ ရုပ်သံဖိုင်ကို myo min oo နာမည်ဖြင့် ဖေ့ဘွတ်ခ်အကောင့်တစ်ခုမှ ဧပြီလ ၂၁ ရက်နေ့တွင် အချိန်ကိုက် ဖြန့်ချိခဲ့တာ တွေ့ရပြီး “ခဏလေးပဲ လှုပ်သွားတာပါ မစိုးရိမ်ရပါဘူး” ဟုဆိုကာ ရေးသားဖော်ပြခဲ့ရာ လိုက်ခ် ၂,၀၀၀ ကျော်နှင့် ပြန်လည်မျှဝေသူ ၁,၀၀၀ ကျော်ရှိခဲ့သည်။

ထို့အပြင် Chit Sun ဖေ့ဘွတ်အကောင့်မှ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း ၂၀၂၅ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် “ငလျင်ထပ်လှုပ်၊ အားလုံးသတိထားကြပါ”ဆိုပြီး အဆောက်အဦး ပြိုကျခဲ့သည့် ဗီဒီယိုရုပ်သံဖိုင်တစ်ခုနှင့်အတူ ဖြန့်ဝေထားပါသည်။

ထိုအကြောင်းအရာကို ဧပြီလ ၂၁ ရက်နေ့ အချက်အလက်စစ်ဆေးနေချိန်၌ ကြည့်ရှု့သူ ၂၀၀,၀၀၀ ကျော်၊ လိုက်နှင့်ရီအက် ပြုလုပ်သူ ၃,၀၀၀ နီးပါးရှိနေပြီး ထပ်ဆင့်မျှဝေသူ ၄,၀၀၀ ကျော်အထိ ရှိနေသည့်အတွက် ပျံနှံမှုနူန်းလည်း များနေပါသည်။

သတင်းအမှား ဖြန့်ဝေလင့် – https://archive.ph/TZA0Q
သတင်းအမှား ဖြန့်ဝေလင့် – https://archive.ph/o1x7M

ပြန်နှံ့လာသော ရုပ်သံဖိုင်ကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် ခမ်းသားငေါဝ်းတို့၏ အချက်အလက် စစ်ဆေးသူများက InVID Tool ဖြင့် စစ်ဆေးကြည့်သည့်အခါ အဆိုပါရုပ်သံဖိုင်များမှာ မတ်လ ၂၈ ရက်နေ့က ရုပ်သံအဟောင်း ဖြစ်နေကြောင်းကို စိစစ်တွေ့ရှိခဲ့သည်။

သတင်းစိစစ်ချက်

စစ်ဆေးတွေ့ရှိချက်အရ myo min oo ဖေ့ဘွတ်ခ်အကောင့်တစ်ခုမှ တင်ဆက်ထားသော
အဆိုပါရုပ်သံဖိုင်များသည် မတ်လ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အဆောက်အဦပြိုကျမှုကြောင့် လူတွေအပြေးအလွှားထွက်ပြေးခဲ့ရသည့် ဖြစ်စဉ်မှ ရုပ်သံဖိုင် ဖြစ်ပါသည်။

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အားရက်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချက်တူချက် ဈေးအနီးရှိ ဆောက်လက်စ အဆောက်အဦ ပြိုကျခဲ့သည်။

ထိုရုပ်သံဖိုင်များကို YouTube ချန်နယ်အကောင့်မှတစ်ဆင့် ပြန်လည်ဖြန့်ဝေထားသည်ကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှူနိုင်ပါသည်။

မူရင်း တင်သည့် ဗီဒီယိုလင့် – https://shorturl.at/8pIgB
မူရင်း တင်သည့် ဒုတိယဗီဒီယိုလင့် – https://shorturl.at/bnRIR

ထို့အပြင် ချင်းမိုင်မြို့တွင် ငလျင်လှုပ်ခတ်နေသည်ဆိုသည့် ရုပ်သံဖိုင်ကို စစ်ဆေးခဲ့ရာတွင်လည်း အဆိုပါရုပ်သံဖိုင်သည် ချင်းမိုင်မြို့မှ မဟုတ်ဘဲ မတ်လ ၂၈ ရက်နေ့က ဘန်ကောက်မြို့ ချက်တူချက်ဈေးအနီးမှ ဆောက်လက်စ အဆောက်အဦ ပြိုကျခဲ့သည့် ဖြစ်စဉ်မှ ရုပ်သံဖိုင် ဖြစ်ပါသည်။

ဘန်ကောက် အဆောက်အဦး ပြိုကျသည့် လင့် -https://shorturl.at/wai1V

မြန်မာနိုင်ငံကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးသည် ထိုင်းနိုင်ငံကိုပါ သက်ရောက်မှုရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ဧပြီလ ၂၁ရက်နေ့တွင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ပိုင်မြို့နယ်အတွင်းမှာ တစ်ရက်အတွင်း ငလျင်ငယ် ခုနှစ်ကြိမ်အထိ လှုပ်ခတ်သွားခဲ့ကြောင်း ထိုင်းမိုးလေဝသဌာန၊ ငလျင်စောင့်ကြည့်ရေးဌာန၏ ထုတ်ပြန်ချက်ကို Myanmar Pressphoto Agency ၊ DVB သတင်းဌာနနှင့် The Nation ထိုင်းသတင်းဌာနတို့မှ ဧပြီလ ၂၁ရက်နေ့တွင် အသီးသီးဖော်ပြထားပါသည်။

Myanmar Pressphoto Agency သတင်းလင့် – https://shorturl.at/mYIvg
DVB TV News သတင်းလင့် – https://shorturl.at/Ffec7
The Nation ထိုင်းသတင်းလင့် – https://shorturl.at/bszqU

ချင်းမိုင်မြို့မှာ အဆောက်အဦးပြိုကျသည့် ဗီဒီယို ရုပ်သံဖိုင်နှင့် ပတ်သက်ပြီး “သတင်းတု သတင်းအမှားတွေ မယုံပါနဲ ချင်းမိုင်မှာ ပြိုကျတဲ့ အဆောက်အဦးမရှိပါဘူး မဟုတ်မမှန်သတင်းတွေကို မျှဝေတာတွေ ထပ်ဆင့်မျှဝေတာတွေ မလုပ်ကြပါနဲ” ဆိုပြီး ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် ချင်းမိုင် CM 108 သတင်းမှ အတည်ပြု ဖော်ပြထားပါသည်။
ချင်းမိုင် ခရိုင် သတင်း လင့် – https://shorturl.at/VyVP8

သုံးသပ်ချက်

၂၀၂၅ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ထိုင်းနိုင်ငံမှာ မြေငလျင် ထပ်မံလှုပ်ခတ်ခဲ့သည်မှာ သတင်းအမှန်ဖြစ်ပါသည်။ သို့သော် ထိုင်းနိုင်ငံအတွင်း မယ်ဟောင်ဆောင်ခရိုင် ပိုင်မြို့နယ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်များသည် အင်းအားရစ်ချ်တာစကေး ၄ဒသမ ၃ အောက် အဆင့်ရှိ ငလျင်ငယ်များသာ လှုပ်ခတ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

ထို့ကြောင့် ၎င်းတို့ တင်ထားသည့်အတိုင်း ဘန်ကောက်နှင့် ချင်းမိုင်မြို့တို့မှာ မြေငလျင်လှုပ်၍ လူတွေထွက်ပြေးခြင်း၊ အဆောက်အဦးပြိုကျခြင်း စသည့်အကြောင်းအရာမှာ သတင်းအမှားသာ ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ တွင် ဖြစ်ပွားခဲ့သည့် ဗီဒီယို ရုပ်သံအဟောင်းကို ပြန်လည်မျှဝေပြီး သတင်းအမှားဖြန့်ဝေခြင်းဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိရပါသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မတ်လ ၂၁ ရက်တွင် မြန်မာနိုင်ငံအပါအဝင် အာရှ ၅ နိုင်ငံတွင် ငလျင်ကြီး လှုပ်ခတ်မည်ဆိုပြီး ကောလာဟလ သတင်းများထွက်ပေါ်ခဲ့ပါသည်။

ထိုသို့ ကောလာဟလ သတင်းများထွက်ပေါ်နေချိန်တွင် လူမှုကွန်ရက်အသုံးပြုသူအချို့က အခွင့်ကောင်းယူပြီး Link နှင့် Follower ရရှိအောင် ရည်ရွယ်ချက်ဖြင့် ရုပ်သံဖိုင်အဟောင်းကိုအသုံးပြုကာ အချိန်ကိုက် သတင်းအမှားတွေ ဖြန့်ချိနေခြင်း ဖြစ်သည်။
#သတိပြုရန်

Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ တွေကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းတို့ကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါတယ်။
ဒါအပြင် နောက်ပိုင်းမှာ မီဒီယာ အယောင်ဆောင်လာ ကြတဲ့ ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါတယ်။

သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag # #FactCheck #Mis_Disinformation# #ခမ်းသားငေါဝ်း #သျှမ်းသံတော်ဆင့်