ခမ်းသားငေါဝ်း
ဧပြီ ၂၂၊ ၂၀၂၅

https://www.facebook.com/share/p/1KVaempd9o/

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုထားသော အဖြေလွှာများငလျင်ကြောင့် မီးလောင်ပျက်စီးမှုရှိခဲ့ကာ လာမည့် ဇွန်လထဲတွင် ပြန်လည်ဖြေဆိုကြရမည် ဖြစ်ကြောင်း ဧပြီလ(၂၂)ရက်၌ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုခဲ့သူ(၆)သောင်းကျော်ရှိပြီး အဖြေလွှာများကို မန္တလေးတက္ကသိုလ် မီးလောင်မှုတွင် ပျက်စီးဆုံးရှုံးခဲ့ရပြီး ကျောင်းသားများအနေဖြင့် လာမည့် ဇွန်လ(၁၆)ရက်မှ (၂၁)ရက်နေ့အထိ ပြန်လည်ဖြေဆိုရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုတက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည် ဖြေဆိုရမည်နှင့်ပတ်သက်ပြီး ကျောင်းသားမိဘများအကြား ဝေဖန်မှုရှိနေကြသည်ကို တွေ့ရသည်။

“ကျွန်မအနေနဲ့တော့ မဖြစ်သင့်ဘူးလို့ မြင်တယ်။ ကလေးတွေ ခက်ခက်ခဲခဲနဲ့ ဖြေဆိုထားကြရတာ။ ငလျင်ဖြစ်တဲ့ဒေသမှာရှိတဲ့ ကလေး တချို့ဆို မိဘဆုံးရှုံးထားရတာလည်း ရှိမယ်။ ဘယ်လိုစိတ်နဲ့ စာကို ပြန်ဖြေနိုင်မလဲ။ တခြားဒီထက်ကောင်းတဲ့ အကြံတွေ မရှိတော့ဘူးလားပေါ့နော်။ အကုန်အောင်ပေးပြီး နောက်တဆင့်တက်ရမဲ့ ကျောင်းမှာ အရည်အချင်းထပ်စစ်ပြီး တက်သင့်မတက်သင့် အလိုအရည်အချင်း ပြန်စစ်ဆေးတာတို့ လုပ်ပေးစေချင်တာ”ဟု (၂၀၂၅)တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုထားသည့် ကျောင်းသာမိဘ တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသအတွင်းရှိ အထက(မင်းကင်း)၊ အထက(ပန်ဆက်)၊ အထက(၁)တမူး၊ အထက(၂)ရွှေဘို၊ အထက(၁)ရေဦး၊ အထက(ဗန်းမော်)၊ အထက(ဝန်းသို)၊ အထက(မော်လိုက်)၊ အထက(ကင်းတပ်)၊ အထက(အရာတော်)စာစစ်ဌာနများတွင် ဖြေဆိုခဲ့သူများ ပြန်လည်ဖြေဆိုရန် မလိုကြောင်းဖော်ပြထားသည်။

လာမည့်ဇွန်လထဲပြန်လည် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူးများထံ ဇွန်လ(၁)ရက်နေ့မှ (၁၅)ရက်အတွင်း ထုတ်ယူရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

PPV0011
ပုံ-အွန်လိုင်း
#ပညာရေး
#ကချင်ပြည်နယ်
#စစ်ကိုင်းတိုင်း
#မန္တလေးတိုင်း
#နေပြည်တော်
#တက္ကသိုလ်ဝင်တန်းစာမေးပွဲ
#အဖြေလွှာများငလျင်ကြောင့်မီးလောင်ပျက်စီး
#မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7