ခမ်းသားငေါဝ်း
ဧပြီ ၁၁၊ ၂၀၂၅

https://www.facebook.com/share/p/15AGz5NZ2m/

လက်ရှိအာဏာရှင်တော်လှန်ရေးတွင် လူငယ်၊ခေါင်းဆောင်၊ စစ်ရေးနိုင်ငံရေးအရ ပအိုဝ်းနှင့် ကယန်းလူမျိုးများ ပူးပေါင်းချိတ်ဆက်တော်လှန်နေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးPYO က ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မက်ရင်(မ်) ကယန်းရွာတွင် ဧပြီ ၁၀ ရက်နေ့က ကျင်းပပြုလုပ်သည့် ၂၅ ကြိမ်မြောက် ကယန်းအမျိုးသားနေ့အခမ်းနားကို ပအိုဝ်းလူငယ်အစည်းအရုံး(PYO) က သဝဏ်လွှာပေးပို့လိုက်ကြောင်း သိရသည်။

ကယန်းရှိလျှင် ပအိုဝ်းရှိသည်၊ ပအိုဝ်းရှိလျှင် ကယန်းရှိသည်ဆိုပြီး ရပ်တည်ချက်ကိုအခြေခံ၍ အပြန်အလှန် နားလည်ယုံကြည်မှု၊ ပေါင်းစည်းမှု သွေးစည်းညီညွတ်မှုဖြင့် အာဏာရှင်စနစ်ဆိုးကို လူထုတော်လှန်ရေးအနှင့်အတူတကွ ပူးပေါင်းတော်လှန်ရမည့်အချိန်ဖြစ်သည်ဟုလည်း သဝဏ်လွှာတွင် တိုက်တွန်းပြောဆိုထားသည်။

‘’ကယန်းနဲ့ ပအိုဝ်း တော်လှန်ရေးအဆက်ဆက်ကအတူတော်လှန်ခဲ့ကြတဲ့ သမိုင်း ယဉ်ကျေးမှုအရလဲ ဆက်စပ်တယ် ပအိုဝ်းရှိတဲ့နေရာ ကယန်းနေ ကယန်းရှိနေရာ ပအိုဝ်းနေ ရောနှောနေထိုင် အတူလုပ် ကိုင်စားသောက်ကြတယ် လက်တွေ့မြေပြင် ခြေနေအရ ခွဲခြား ခွဲထားလို့မရဘူး လူငယ်အလွာ၊ ခေါင်းဆောင်အလွာမှာရော စစ်ရေးအရ၊ နိုင်ငံရေးအရပါ၊ ပူးပေါင်းချိတ်ဆက်ပြီး တော်လှန်နေကြတာ ဖြစ်တယ်” ပအိုဝ်းလူငယ်အစည်းအရုံး PYO တာဝန်ရှိသူ ခွန်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီလက်အောက် PNO ပြည်သူ့စစ်က လူမျိုးရေး မုန်းတီးမှုဖြစ်စေရန် နယ်မြေအကြောင်းပြ၊ ဘာသာရေးအကြောင်းပြ ကယန်းပဒေါင် အလိုမရှိ စသဖြင့် အာဏာရှင်စစ်ကောင်စီ၏ အလိုကျ လူမျိုးရေးအသွင်လှုံ့ဆော်ဝါဒဖြန့်ခဲ့ကြသည်။

အထူးသဖြင့် နမ့်နိန်းရွာကိစ္စသည် စစ်ကောင်စီက ရွာသားနှင့် သံဃာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ကျူးလွန် မှုကို ဖုံးဖိပြီး PNO ပြည်သူ့စစ်က လူမျိုးရေးမုန်းတီးမှုအသွင်လုပ်ဆောင်ကာ တောင်ကြီးမြို့တွင် ဆန္ဒပြခဲ့ခြင်း ပြုလုပ်ခဲ့သည်။

‘’စစ်ကောင်စီက ပအိုဝ်းဒေသကိုအသုံးပြုပြီးသူ့ရဲ့ စစ်ရေးဆိုင်ရာအကာအကွယ်ရဖို့ PNO ပြည်သူ့စစ်ကို ပြန်အသုံးချနေတာ၊ ဒါကိုအခြေခံပြီးတော့ မင်းတို့ နယ်မြေအသိမ်းခံရတော့မယ်၊ မင်းတို့လူမျိုးတွေပျောက်သွားတော့မယ်လို့ ပုံမှားရိုက်သွင်းပြီး လူမျိုးကြားမှာ ပဋိပက္ခဖြစ်အောင်လုပ်နေတာတွေ့ရတယ်၊ ပြီးခဲ့တဲ့ ကာလမှာ စစ်ကောင်စီက ကယန်းပဒေါင် အလိုမရှိ ဆိုပြီး ပအိုဝ်းလူထုကို အတင်းအကြပ် ဆန္ဒပြခိုင်းခဲ့တာတွေ၊ နမ့်နိမ်းကိစ္စမှာ ကယန်းနဲ့ ပအိုဝ်းခေါင်းဆောင်နဲ့ ပူးပေါင်းပြီး သက်သေနှင့်တကွ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပေမဲ့လည်း စစ်ကောင်စီက တော်လှန်ရေး အင်အားစုဘက်က ကယန်း- ကရင်နီဘက်က သတ်ဖြတ်တာလို့ စွပ်စွဲပြောဆိုခဲ့တာတွေက စစ်ကောင်စီဘက်က လုပ်နေတဲ့ဗျူဟာတွေဖြစ်တယ်။” ဟု ခွန်ဦးကဆက်ပြောသည်။

ချင်းမိုင်မြို့ မက်ရင်(မ်) ကယန်းရွာတွင်ပြုလုပ်သည့်ကယန်းအမျိုးသားနေ့ကို ကယန်းအမျိုးသားအလံတော် တင်ခြင်း၊ ကယန်းအမျိုးသားအလံအလေးပြုခြင်း၊ မြန်မာငလျင်ဘေးသင့်ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် (၁) မိနစ်ငြိမ်သက်ခြင်း၊ အမှာစကားပြောကြားခြင်း၊ အသင်းအဖွဲ့အသီးသီးမှ ပေးပို့လာသော သဝဏ်လွှာများ ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

#ppv002
#နိုင်ငံရေး
#ကယန်းအမျိုးသားနေ့
#PYO

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။