ပြည်ပနိုင်ငံမှ ကူညီထောက်ပံ့ငွေ ငလျင်သင့်ပြည်သူများထံ အမှန်တကယ် ရောက်မရောက် စောင့်ကြည့်ရန် BNI သတင်းပေး
………………………………………..
ခမ်းသားငေါဝ်း
ဧပြီ ၈၊ ၂၀၂၅
https://www.facebook.com/share/p/12MooYY4Wjw/
မြန်မာနိုင်ငံ ငလျင်သင့်ပြည်သူများအတွက် ပြည်ပနိုင်ငံအသီးသီးမှ ကူညီထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၁၃၆)သန်းကျော် ငလျင်ဘေးသင့်ပြည်သူများထံ အမှန်တကယ် ရောက်ရှိခြင်း ရှိ/မရှိကို စောင့်ကြည့်ရန် BIN- Myanmar Peace Monitor မှ သတိပေး ဖော်ပြထားသည်။
ငလျင်ဘေးသင့်ပြည်သူများအတွက် ပြည်ပမှ အကူငွေ အများစုသည် စစ်ကောင်စီအုပ်စုမှ တဆင့် စီးဆင်းကြမည် ဖြစ်သဖြင့် ပြည်သူများထံ အမှန်တကယ် ရောက်ရှိနိုင်ရေးအတွက် သတိကြီးစွာ စောင့်ကြည့်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
မတ်လ(၂၈)ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား(၇.၇)ရှိသည့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုကို ကူညီကယ်ဆယ်ရန် ပြည်ပနိုင်ငံအသီးသီးမှ အလှူငွေ၊ လူအား၊ စက်ပစ္စည်းနည်းပညာများဖြင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့နှင့်အတူ ငလျင်ဘေးသင့်ပြည်သူများတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် တရုတ်အစိုးရမှ အမေရိကန်ဒေါ်လာ (၁၂.၆)သန်းနှင့် ညီမျှသော ယွမ်ငွေ သန်း(၁၀၀) ကူညီမည့်အကြောင်း ထုတ်ပြန်ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များကိုလည်း စေလွတ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ဗြိတိန်နိုင်ငံမှ အမေရိကန်ဒေါ်လာ (၃၂.၂)သန်း၊ နော်ဝေနိုင်ငံမှ အမေရိကန်ဒေါ်လာ (၁၁.၆)သန်း၊ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် ဩစတြေးလျတို့ပါဝင်သည့် QUAD Group မှ အမေရိကန်ဒေါ်လာ (၂၀)သန်း၊ ဥရောပသမဂ္ဂ(EU)မှ အမေရိကန်ဒေါ်လာ(၉.၉)သန်း၊ ဩစတြေးလျမှ အမေရိကန်ဒေါ်လာ(၉)သန်း၊ အမေရိကန်မှ အမေရိကန်ဒေါ်လာ(၉)သန်၊ အိုင်ယာလန်မှ အမေရိကန်ဒေါ်လာ( ၆.၅)သန်း၊ ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ(၆)သန်း၊ ကုလသမဂ္ဂ (UN)မှ အမေရိကန်ဒေါ်လာ(၅)သန်း တို့ကို မြန်မာနိုင်ငံ ငလျင်သင့်ပြည်သူများအတွက် ကူညီပံ့ပိုးပေးမည့် အကြောင်း ကြေညာထားကြောင်း ဖော်ပြထားသည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ အမေရိကန်ဒေါ်လာ(၃)သန်း၊ မလေးရှားမှ အမေရိကန်ဒေါ်လာ(၂.၂၄)သန်း၊ ဆွစ်ဇာလန်နိုင်ငံမှ အမေရိကန်ဒေါ်လာ(၂.၂)သန်း၊ တောင်ကိုးရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ (၂)သန်း၊ ဒိန်းမတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ (၁.၅)သန်း၊ နယူးဇီလန်နိုင်ငံမှ အမေရိကန်ဒေါ်လာ(၁.၁၄)သန်း၊ သီရိလင်္ကာနှင့် အင်ဒိုနီးရှားနိုင်ငံမှ အမေရိကန်ဒေါ်လာ(၁)သန်းစီ စသဖြင့် ကမ္ဘာ့တစ်ဝှမ်းနိုင်ငံများမှ အမေရိကန်ဒေါ်လာ (၁၃၆)သန်းကျော်အထိ ကူညီပံ့ပိုးမည့်အကြောင်း ကြေညာထားသည်။
ငလျင်သင့်ပြည်သူများအတွက်ဟု ဆိုကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ လည်း ဆေးဝါးနှင့် ခွဲစိတ်ကုသမှုဆိုင်ရာ ဆေးဝါးများ၊ ရွက်ဖျင်တဲများ အပါအဝင် တန်ချိန်(၃)တန် နီးပါးကို နေပြည်တော်နှင့် မန္တလေးမြို့ရှိ ဆေးရုံများသို့ ပို့ဆောင်ပြီး ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ စတင်နေပြီ ဖြစ်ကြောင်း မတ်လ(၃၀)ရက်မှာ ထုတ်ပြန်ထားကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ ငလျင်ဘေးအတွက် လက်ရှိတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ ယူအေအီး၊ လာအို၊ ဖိလစ်ပိုင်၊ ဘီလာရုစ် စသည့်နိုင်ငံများမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် စေလွတ်ထားပြီး စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် မတ်လ(၂၈)ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံတဝှမ်း မြို့နယ်ပေါင်း(၄၅)မြို့နယ်အတွင်း သေဆုံးသူ (၄၃၁၆)ဦး ရှိလာခဲ့ပြီး ဖြစ်ကြောင်း BNIမှ ဖော်ပြထားသည်။
မန္တလေးမြို့တွင် သေဆုံးသူအရေအတွက် (၉၀၀)ကျော်အထိ ရှိပြီး သေဆုံးသူ အများဆုံးဖြစ်ကာ စစ်ကိုင်း၊ အမရပူရ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တံတားဦး၊ ဇဗ္ဗူသီရိ၊ ညောင်ရွှေ၊ ပျဉ်းမနား၊ ကျောက်ဆည် စသည့် မြို့တွင်လည်း သေဆုံးသူ အရေအတွက် ရာနှင့်ချီရှိကြောင်း ဖော်ပြထားသည်။
အဆိုပါ အရေအတွက်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အာဏာသိမ်းစစ်ကောင်စီ (SAC)နှင့် ယုံကြည်စိတ်ချရသော သတင်းမီဒီယာများနှင့် မြေပြင်အချက်အလက်ကို အခြေခံပြုစုထားသည့် ဧပြီလ(၆)ရက်နေ့ ညနေ(၈)နာရီအထိ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၆၅၈၈)ဦးနှင့် ပျောက်ဆုံးနေသူ (၄၄၈)ဦး ရှိကြောင်း ဖော်ပြထားသည်။
PPV0011
ပုံ-အွန်လိုင်း
#သဘာဝဘေး
#လူ့အခွင့်အရေး
#ငလျင်သင့်ပြည်သူများအတွက်
#ပြည်ပနိုင်ငံအသီးသီးမှကူညီထောက်ပံ့ငွေ
#အမေရိကန်ဒေါ်လာ
#ငလျင်ဘေးသင့်ပြည်သူများထံ
#BIN- Myanmar Peace Monitor
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7