အင်းလေးကန်ရှိ ကျေးရွာ ၂၈ ရွာမှ၊ အိမ်ခြေ ၂၃၃၈ အိမ်လုံးလုံး ပျက်စီးခဲ့ကြောင်းသိရ
…………………….
ခမ်းသားငေါဝ်း
ဧပြီလ ၆၊ ၂၀၂၅

https://www.facebook.com/share/p/1ZBzDMHk8m/

အင်းလေးကန်ရှိ ကျေးရွာ ၂၈ ရွာမှ အိမ်ခြေ ၂၃၃၈ အိမ် ပျက်စီးခဲ့ကြောင်း ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းအဖွဲ့ မှမြေပြင်ကွင်းဆင်း ကောက်ယူချက် စစ်တမ်းတစ်ခုအရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဘေးကြောင့်ဧပြီလ ၄ ရက် အထိ ကနဦး ကောက်ယူမှုအရ အင်းလေးကန် ကျေးရွာပေါင်း ၂၈ ရွာမှ အိမ်ထောင်စုပေါင်း ၅၅၉၁ စု ၊ အိမ်ခြေပေါင်း ၄၄၃၅ အိမ်တွင် လုံး၀ပျက်စီးသွားသော နေအိမ်ပေါင်းအိမ်ခြေ (၂၃၃၈) အိမ်ရှိပြီး၊ တချို့ တဝက်ပျက်စီးမှု (၁၀၄၅) အိမ် ၊ သေဆုံးသူပေါင်း ၉၅ ဦး ၊ ထိခိုက်ဒဏ်ရာရရှိသူပေါင်း (၁၁၁) ဦး ရှိကြောင်း သိရသည်။

အဆိုပါ အချက်အလက်သည် ကနဦး ကောက်ယူထားသော အချက်အလက် ဖြစ်သောကြောင့် ကိန်းဂဏန်း အနည်းငယ် ကွဲပြားနိုင်ကြောင်း ဆိုထားသည်။

အင်းလေးကန် ရှိ ရွာများတွင် တစ်ရွာ လျှင် ပျှမ်းမျှ နေအိမ် ငါးအိမ် မှ ဆယ်အိမ် အထိ သွားရောက် မေးမြန်းကာ စာရင်းကောက်ယူထားခြင်း ဖြစ်ကြောင်း ဆိုသည်။

“အင်းလေးကန်မှာအဆိုးဆုံး ကေလာ ၊ ဇရပ်ကြီး၊ ကြာတော ၊ မိုင်းသောက် တို့ပေါ့။ ကျန်တဲ့ ရွာတွေလည်း အများကြီး ထိခိုက်ပျက်စီးမှု ရှိတယ်။ နေအိမ် တစ်အိမ် ကို အခုချိန် ဆောက်ရင် သိန်း တစ်ထောင် ကျော် ကုန်ကျစရိတ် ရှိတဲ့အတွက် ပြန်မဆောက်လုပ်နိုင်တော့ဘူး။ အခုဆိုရင် အိမ်က ပျက်သွားလို့ ကုန်းပေါ်မှာလည်း နေစရာ မရှိလို့ လှေပေါ်မှာ အိပ်နေရတယ်။ တော်တော်လေး အခက်ကြုံရတယ်။ အိမ်အောက်မှာလည်း လှေတစ်စင်းက ပိနေတာ အခုချိန်ထိ မထုတ်ရသေးဘူး။ ပျက်လား ကောင်းလားတောင် မသိဘူး။ ကြာတော တစ်ရွာလုံး ပျက်သွားတာ မြင်မကောင်းဘူး။ ကံကောင်းတာ လူမထိလို့ပဲ၊ ကြာတောမှာ လူ ၄ ယောက် ဆုံးပါးသွားတယ်။”ဟု ကြာတော ရွာနေ ကျေးရွာသား တစ်ဦးက ဆိုသည်။

ထို့ပြင် အင်းလေးကန် တွင်းရှိ ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းများ ၊ ရှေးဟောင်း ဘုရားဆင်းတုတော် နှင့် စေတီတော်များ၊ ယဉ်ကျေးမှု အမွေအနှစ် များစွာလည်း ထိခိုက်ပျက်စီးမှု ရှိကြောင်း သိရသည်။

အင်းလေးကန်တွင် လက်ရှိ အချိန် ကူညီကယ်ဆယ်ရေး အဖွဲ့များ သွားရောက် လှူဒါန်းနေကြသော်လည်း အမှန်တကယ် လိုအပ်ချက်ရှိသည်မှာ အိမ်ဆောက်ပစ္စည်းများနှင့် ငွေကြေးပင် ဖြစ်ကြောင်း ဒေသခံ များက မေတ္တာရပ်ခံထားကြပါသည်။

#PPV-006
#ငလျင်
#သဘာဝဘေး
#အင်းလေး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။