မန္တလေးသို့ ဆေးခန်းသွားပြသည့် ရွာငံနေ သားအမိနှစ်ဦး ငလျင်ဒဏ်ကြောင့် သေဆုံး
…………………………
ခမ်းသားငေါဝ်း
ဧပြီ ၆၊၂၀၂၅
https://www.facebook.com/share/p/1AMJKNsSq4/
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရေဦးကျေးရွာနေ သားအမိနှစ်ဦးသည် မန္တလေးသို့ ဆေးခန်းသွားပြရာမှ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့တွင် အသက်(၇၀) အရွယ်ဒေါ်ကြင်ဟန် နှင့် ၎င်း၏သားဖြစ်သူ အသက်(၄၄) နှစ် အရွယ် ညီညီတို့သည် မန္တလေးသို့ ဆေးခန်းသွားပြရာတွင် ငလျင်လှုပ်ခတ်ခြင်းကြောင့် တိုက်ပြိုကျ၍ သေဆုံးသွားခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများထံမှသိရသည်။
“မကြင်ဟန်က နေမကောင်းတာကြာပြီ လူကြီးရောဂါဖြစ်မယ်။ သူ့သားနဲ့ ဆေးခန်းသွားပြတုန်း အပေါ်က တိုက်ပြိုကျတော့ သားမိနှစ်ယောက်လုံး ဆုံးသွားတာ။ ဆုံးသွားတဲ့ အချိန် သူ့သားက သူ့အမေကို ဖက်ပြီး ဆုံးနေတာ။အလောင်းကိုတော့ ပြန်သယ်လာခွင့်ရခဲ့တယ်။”ဟု အဆိုပါ နီးစပ်သူတစ်ဦးက ပြောသည်။
ထို့အပြင် ရွာငံမြို့နယ်၊ တောင်ခေါင်းပွာကျေးရွာတွင်လည်း ငလျင်ဒဏ်ကြောင့် နေအိမ် (၁၀)လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပြီး စေတီပုထိုးများလည်း ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။
ဒေသခံ အမျိုးသမီး တစ်ဦးကလည်း“တခြားနေရာလို အများကြီးထိခိုက် သေဆုံးမှုတွေ မရှိပေမဲ့ အိမ်တွေတော့ ပြိုကုန်တယ်။ ပြီးတော့ ဘုရားတွေဆိုရင်လည်း အုတ်တွေ ပြိုကျကုန်တယ်။ အသက်ကြီးလူတွေလည်း ခုထိ ခေါင်းမူး နေကြတုန်းပဲ။” ဟု ပြောသည်။
ငလျင်ဒဏ်ကြောင့် ရွာငံရေပြာအိုင်တွင် ရေနှောက်ကုန်ပြီး ရေထွက်ဦး တစ်ချို့လည်း ရေခမ်းခြောက်ကုန်ကြသည်ဟုသိရသည်။
မြန်မာနိုင်ငံတွင်မတ်လ(၂၈)ရက် နေ့လည် (၁၂)နာရီ (၅၂)မိနစ်နှင့် (၁)နာရီ (၃)မိနစ်အချိန်က ၇.၇ပြင်းအားရှိသော ပြင်းထန်ငလျင်ဖြစ်ပွားခဲ့ပြီး နိုင်ငံတဝှမ်း ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့သည်။
#PPV 008
#ငလျင်ဘေး
#ရွာငံ
#သေဆုံး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။