ဝေဖန်မှုမြင့်တက်နေ၍ တုံဟွာတရုတ်ဘာသာနှင့် ကွန်ပျူတာသင်တန်းကျောင်း ကျောင်းပိတ်ကြောင်း ကြေညာ
…………………
ခမ်းသားငေါဝ်း
ဧပြီ ၃၊ ၂၀၂၅

https://www.facebook.com/share/p/1Boti9bpwV/

တောင်ကြီးမြို့ တုံဟွာတရုတ်ဘာသာနှင့် ကွန်ပျူ တာသင်တန်းကျောင်းသည် ဝေဖန်မှုရှိသဖြင့် ဧပြီလ (၃) ရက်မှ စ၍ ကျောင်းပိတ်ကြောင်း ကြေညာခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ ၊ ရေအေးကွင်းရပ်ကွက်ရှိ တုံဟွာတရုတ်ဘာသာနှင့် ကွန်ပျူတာသင်တန်းကျောင်းသည် ငလျင်ဒဏ်ကြောင့် ကျောင်းတိုင်တချို့နှင့် အုတ်နံရံများ အက်ကွဲမှုဖြစ်ပေါ် ခဲ့သော်လည်း ကျောင်းဆက်ဖွင့်နေသဖြင့် စိုးရိမ်မိကြောင်း ကျောင်း သားမိဘများ အကြံပြုချက်အရ ကျောင်းပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“တောင်ကြီးမြို့မှာ လူနေထိုင်ခြင်း မသင့် သတ်မှတ်ထားတဲ့ အဆောက်အအုံ ဘယ်လောက် ရှိလဲ မြို့နယ် စည်ပင်က ဘာတစ်ခုမှ မထုတ်ပြန်ဘဲ သတင်း အမှောင်ချထားတယ်။ နောက်ပြီး လိုက်လံ စစ်ဆေးတဲ့ အဖွဲ့တွေ ကလည်း ဘာတစ်ခုမှ ထုတ်မပြောရဲကြဘဲ ငြိမ်နေကြတယ်။ မြို့ကြီး ဖြစ်ပြီး ကြိတ်လုပ်ကြိတ်ကုနေတယ်လို့ မြင်တယ်။ တောင်ကြီးမှာ အထပ်မြင့် အဆောက်အအုံတွေ အများကြီး ရှိပါတယ်။ အလားတူနေထိုင်ရန် မသင့် အဆောက် အအုံတွေ ကို အများပြည်သူ ကြိုတင်သိရှိ ရှောင်ရှားနိုင်ရန် ထုတ်ပြန်ပေးဖို့ အတွက်ကိုလည်း မြို့ခံ တစ်ယောက် အနေနဲ့ တင်ပြတောင်းဆိုချင်တယ်။”ဟု ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောသည်။

အဆိုပါ လူအများနှင့် သက်ဆိုင်သော တုံဟွာတရုတ်ကျောင်းကို ဘေးကင်းခြင်း ရှိမရှိ ကျွမ်းကျင် ဆောက်လုပ်ရေး အင်ဂျင်နီယာများဖြင့် ကျောင်းအား စနစ်တကျ ပြန်လည် စစ်ဆေးပြုပြင်ခြင်း မပြုလုပ်သေးဘဲ နွေရာသီကာလ မူလတန်းမှ အထက်တန်းထိ ကျောင်းသားကျောင်းသူများအား ကျောင်းဆက်လက် သင်ကြားလျက်ရှိသဖြင့် နောင်တချိန် ငလျင်လှုပ်ခဲ့သော် မိမိတို့ ရင်သွေးကျောင်းသားကျောင်းသူများအတွက် စိုးရိမ်မှုရှိကြောင်း မိဘများက အကြံပြုချက် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကျောင်းတာဝန်ရှိသူများမှ ကျောင်း ဆောင် ကို နားလည်တတ်ကျွမ်းသူများဖြင့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပါသောကြောင့် ဧပြီလ ၃ ရက်မှ စ၍ ကျောင်းခေတ္တပိတ်ထားမည် ဖြစ်ပါကြောင်း အသိပေးခဲ့ခြင်း ဖြစ်သည်။

တောင်ကြီးမြို့တွင် မတ်လ ၂၈ ရက်နေ့က ငလျင်ဘေးဒဏ်ကြောင့် မြို့မရပ်ကွက် ၊ မင်းလမ်းရှိ အဆောက်အအုံကို လူနေထိုင်ရန်အန္တရာယ်ရှိ အဆောက်အဦးအဖြစ် သတ်မှတ်ထားကြောင်း အနီရောင် သတိပေးစာတန်း ကပ်ထားသည်ကို မြင်ရသည်။

#PPV-006
#ငလျင်
#သဘာဝဘေး
#တောင်ကြီး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။